အပိုင်း ၄၇
‘သရုပ်မှန်ကို ဖုံးကွယ်ထားတဲ့သူက သူ့နားမှာ ရစ်သီရစ်သီလုပ်နေတဲ့သူကိုတွေ့ရင် နှစ်မျိုးထဲက တစ်မျိုးတော့ တုံ့ပြန်မှာပဲ။’
ထွက်ပြေးခြင်းဖြစ်စေ၊ ဘာရည်ရွယ်ချက်ရှိသလဲဟု သိရရန်အတွက် မျက်နှာချင်းဆိုင်တွေ့ခြင်းဖြစ်စေ။
ယူဂျင်းက ပထမတစ်ခုဖြစ်ပါစေဟု ဆုတောင်းမိသည်။ ဒီအတိုင်း ဂျင်၏ အတိတ်မှ အဖြစ်အပျက်အားလုံးကို ဖုံးကွယ်ထားနိုင်လျှင် ပိုကောင်းမည်ဟု မျှော်လင့်ခဲ့၏။
သို့သော် လောကတွင် ကိစ္စများက ဘယ်တော့မှ ရိုးရှင်းခြင်းမရှိပေ။ နောက်တစ်နေ့တွင် ယူဂျင်းတစ်ယောက် သူ့ကို လာတွေ့သည့် ဧည့်သည်ရှိကြောင်း မာရီအန်းထံမှ ကြားလိုက်ရ၏။
“ကျွန်မကို လာတွေ့တဲ့သူ၊ ဟုတ်လား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။ ကေ့ဂ်ျဆိုတဲ့ ပွဲစားပါ။ ကျွန်မ သိရသလောက်တော့ သူက တန်ဖိုးကြီး အနုပညာပစ္စည်းတို့၊ ရောင်းဝယ်ရခက်တဲ့ ရှေးဟောင်းပစ္စည်းတို့အတွက် ရောင်းသူနဲ့ ဝယ်သူကို ဆက်သွယ်ပေးတဲ့အလုပ် လုပ်ပါတယ်။”
“အဲ့ဒီလိုလူမျိုးက ကျွန်မနဲ့ ဘာကိစ္စရှိလို့လဲ။”
မာရီအန်းက သတိထားပြီး ပြောခဲ့သည်။
“အရင်က မကြာခဏ... အဲ့ဒီလူနဲ့ တွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီလူသိနေတဲ့ ရှေးဟောင်းစာအုပ်တွေ ထွက်ရှိရာရင်းမြစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝယ်ခဲ့တာပါ။”
အစက ဇဝေဇဝါဖြစ်နေသော ယူဂျင်းလည်း ရှေးဟောင်းစာအုပ်ဟူသော စကားကို ကြားလိုက်ရသည်နှင့် ထိုပွဲစားဆိုသူကို ပိတ်ထားသည့် တည်းခိုခန်းမှလူပဲဟု သိလိုက်သည်။
ယခင်က ရှေးဟောင်းစာအုပ်များစုဆောင်းခဲ့ခြင်းမှာ ဒီအတိုင်း ဝါသနာတစ်ခုသက်သက်မဟုတ်။ ရှေးဟောင်းစာအုပ်များမှ မာရာ၏အစွမ်းကို ရယူနိုင်မည့်နည်းလမ်းအား ရှာဖွေရန် ကြိုးစားခဲ့ခြင်းပင်။
ထို့ကြောင့် ယူဂျင်းက ရှေးဟောင်းစာအုပ်ရောင်းသူဖြစ်သည့် ဝါခေါမ် မြို့စားကိုလည်း သံသယဝင်မိ၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီ ကုန်ဆုံး၍ မြို့စားမင်း ဘုရင့်တိုင်းပြည်သို့ ပြန်လာသည့်အခါ ပထမဆုံး တွေ့ရမည့်သူစာရင်းထဲသို့ ထည့်ထားလိုက်သည်။
‘ထင်ထားတာထက် တုံ့ပြန်မှုက မြန်တာပဲ။’
ယူဂျင်းက နှစ်ကြိမ်လောက် အပြင်ထွက်ပြီး ထိုတည်းခိုခန်းဝန်းကျင်၌ ထပ်၍ရစ်သီရစ်သီလုပ်ရန် စိတ်ကူးထားခဲ့၏။
‘မနေ့က ကိုယ်ရံတော်တွေနဲ့အတူရှိနေတဲ့သူကို ငါမှန်းသိသွားတာလား။ ဘယ်လိုလုပ် သိသွားတာလဲ။’
ဘယ်သူမှ အသံထွက်ပြီးပြောခဲ့ခြင်းမရှိသလို ရုပ်လုံးပြခဲ့ခြင်းလည်းမရှိပေ။ တည်းခိုခန်းနားတစ်ဝိုက်တွင် ရစ်သီရစ်သီလုပ်ခဲ့ပြီးနောက် မပြန်ချင်သေးသဖြင့် ခဏလောက် လှည့်ပတ်ကြည့်ရှုခဲ့၏။
အကယ်၍ တစ်ယောက်ယောက်က ခြေထောက်ကို နင်းမိခဲ့လျှင် အသံမထွက်ဘဲနေမည်မဟုတ်။ သို့သော် ထိုသို့သော အစီရင်ခံမှုမျိုး မကြားခဲ့ရပေ။
“အဲ့ဒီလူနဲ့ မကြာမကြာ တွေ့ဖြစ်တာလားဟင်။”
“ကျွန်မကတော့ သေသေချာချာ မသိပါဘူး။ အထိန်းတော်ချုပ်ကိုခေါ်ပြီး မေးမြန်းကြည့်လိုက်ပါ။”
ခဏကြာတော့ ဆာရာကို ဆင့်ခေါ်လိုက်သည်။
“အဲ့ဒီလူက အရှင်မိဖုရားဆီ တစ်ခါတလေ အခစားဝင်ဖူးပါတယ်။ ဒါပေမဲ့ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာ အခစားဝင်တာကတော့ ဒါ ပထမဆုံးအကြိမ်ပါ။”
“အဲ့ဒီလူဆီကနေ ကျွန်မက သတင်းအချက်အလက်တွေ ဝယ်ခဲ့တယ်ပေါ့လေ။”
“ဟုတ်ပါတယ်။ အရှင်မိဖုရား။”
“ဒါဆို အရင်တစ်ခါ ကျွန်မ ရှေးဟောင်းစာအုပ် ဝယ်ယူမှုအကြောင်း စစ်ဆေးတုန်းက ဘာလို့ မပြောခဲ့တာလဲ။”
“အရှင်မိဖုရား အဲ့ဒီလူကိုပေးတဲ့ငွေက အရှင်မိဖုရားရဲ့ ကိုယ်ပိုင်ငွေထဲကပဲဖြစ်နေလို့ပါ။”
“ကိုယ်ပိုင်ငွေဆိုတာက ဘာလဲ။ ကျွန်မအတွက် သတ်မှတ်ပေးထားတဲ့ ဘဏ္ဍာငွေအပြင် တခြားကိုယ်ပိုင်ငွေရှိသေးတာလား။”
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည့် မာရီအန်းနှင့် ဆာရာတို့ မျက်လုံးချင်း ဆုံသွားကြ၏။ မာရီအန်းက ပြောလာသည်။
“စိုးရွံ့မိပါတယ်၊ အရှင်မိဖုရား။ ဂရုမစိုက်မိလို့ မပြောပြလိုက်မိတာပါ။ ကျွန်မရဲ့ အမှားပါပဲ။”
ဆာရာက ထပ်ပြီးပြောခဲ့သည်။
“အရှင်မိဖုရားရဲ့ ကိုယ်ပိုင်ငွေဖြစ်တဲ့အတွက် ကျွန်မတို့က ဝင်မစွက်ဖက်နိုင်သလို ပမာဏအတိအကျကိုလည်း မသိပါဘူး။”
သူတို့နှစ်ယောက်၏ စကားကြောင့် ယူဂျင်းလည်း ခေါင်းညိတ်လိုက်သည်။ ဘယ်သူမှမသိသော ကိုယ်ပိုင်ဘဏ်စာရင်းဆိုလျှင် ယင်းကား ‘မိဖုရား’ ၏ ပိုင်ဆိုင်မှု မဟုတ်။ မာရီအန်းနှင့် အထိန်တော်ချုပ်မှာ ရဲတိုက်နှင့်သာသက်ဆိုင်သည့် တော်ဝင်အမှုထမ်းများဖြစ်သဖြင့် မေ့သွားသည်ဆိုလျှင်လည်း နားလည်ပေးနိုင်၏။
“ဒါဆို ကျွန်မ ဘုရင့်တိုင်းပြည်ကို လာတုန်းက ယူလာခဲ့တဲ့ငွေတွေလား။”
“ဟုတ်ပါတယ်။ အရှင်မိဖုရား။”
ခေါင်းရှုပ်စရာကိစ္စများ ပေါ်လာပေပြီ။ တွေ့ရတာဝမ်းမသာသည့် ဧည့်သည်ကြောင့် မသာမယာဖြစ်နေသည့် ယူဂျင်း၏စိတ်က ယခုတော့ နည်းနည်းပိုကောင်းလာ၏။
“ဒါဆို ကျွန်မရဲ့ ကိုယ်ပိုင်ငွေကြေး ပမာဏနဲ့ သုံးစွဲမှု အသေးစိတ်တွေကို ဘယ်လိုသိနိုင်မလဲ။”
“ဘဏ်မန်နေဂျာကို ဆင့်ခေါ်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။”
ယူဂျင်းက အထိန်းတော်ချုပ်ကို မေးလိုက်သည်။
“ကျွန်မ အဲ့ဒီပွဲစားကို ငွေချေတုန်းကလည်း ဘဏ်မန်နေဂျာကို ခေါ်ခဲ့တာပဲလား။”
“လက်မှတ်ထိုးထားတဲ့ ကတိပြုစာရွက်စာတမ်းကို ပေးခဲ့မယ်ဆိုရင် အဲ့ဒီလူက ငွေလဲလှယ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ အရှင်မိဖုရား အဲ့ဒီလူကို ငွေပေးလိုက်တာမျိုး တကယ်တမ်း မမြင်ခဲ့ဖူးပါဘူး။”
‘လက်မှတ်ထိုးထားတဲ့ ကတိပြုစာရွက်စာတမ်းပေါ့လေ။’
ယူဂျင်းလည်း ဘဏ်မန်နေဂျာကိုခေါ်သည့်အခါ ထိုအချက်ကိုပါ စစ်ဆေးမည်ဟု တွေးလိုက်သည်။ ဂျင်သာ ထူးခြားသည့် လက်မှတ်နှင့် ကတိပြု စာရွက်စာတမ်း ဖန်တီးခဲ့သည်ဆိုလျှင် ထိုနည်းလမ်းကို ရှာဖွေရပေမည်။
“မမြင်ဖူးဘူးဆိုပြီး အဲ့ဒီလူနဲ့ အရောင်းအဝယ်လုပ်ခဲ့မှန်း ဘယ်လိုလုပ်သိတာလဲ။”
“သူနဲ့ အရောင်းအဝယ်လုပ်တုန်းက အတူရှိနေတဲ့ ရံရွေတော်ဆီကနေ ကြားခဲ့ရတာပါ။”
“အတူရှိနေတဲ့ ရံရွေတော်...”
ထိုရံရွေတော်က ဘယ်သူလဲဟု မေးရန်ပြင်နေရာမှ ယူဂျင်း စကားကိုရပ်လိုက်သည်။
“ပျောက်သွားတဲ့...သူလား။”
“ဟုတ်ပါတယ်။ အရှင်မိဖုရား။”
“...ဒါဆို အထိန်းတော်ချုပ်က ကျွန်မ အဲ့ဒီလူနဲ့တွေ့ပြီး စကားပြောနေတာကို မမြင်ဖူးဘူးပေါ့။”
“ဟုတ်ပါတယ်။ အရှင်မိဖုရား။”
“ကောင်းပြီလေ။ ဒါဆို အဲ့ဒီဘဏ်မန်နေဂျာနဲ့ တွေ့မှဖြစ်မယ်။ ဒီနေ့ တွေ့လို့ရမလား။”
“ဟုတ်ကဲ့ပါ။ အရှင်မိဖုရား။ စကားပါးလိုက်ပါ့မယ်။”
ဆာရာ ထွက်သွားပြီးသည့်နောက်တွင် ယူဂျင်းတစ်ယောက် အတွေးတွေထဲ နစ်မျောသွား၏။ ဂျင်နှင့် တိုက်ရိုက်ပတ်သက်နေသည့်လူ လာရောက်သဖြင့် မအူမလည်လုပ်နေ၍မရပေ။ ဘာကြောင့် လာသလဲ၊ ဘာတွေ ပြောမလဲဆိုသည်ကို သိချင်သော်လည်း တစ်ယောက်တည်းတွေ့ရန်တော့ စိတ်မသက်မသာ ဖြစ်နေမိ၏။
‘ဂျင်းကလည်း အဲ့ဒီလူနဲ့တွေ့ရင် အထိန်းတော်တစ်ယောက် အတူခေါ်ထားခဲ့တာပဲ။’
ဂျင်က သတိထား၍ နေတတ်သူပင်။ ထိုလူနှင့် တစ်ယောက်တည်း တွေ့မည်မဟုတ်။
‘အရင်ကတော့ ဂျင် မျက်နှာသာပေးတဲ့ ရံရွေတော်တွေ ရှိခဲ့ပေမဲ့...’
ထိုရံရွေတော်များအားလုံး ပျောက်သွားကြလေပြီ။ ယူဂျင်း၏ အပါးတွင် ယခုရှိနေသည့် ဂျီးန်ကတော့ အရာအားလုံးကိုသိသည့် လူယုံဖြစ်နိုင်ခြေနည်း၏။
မာရီအန်းလည်း အတူတူပင်။
ယူဂျင်း ခေါင်းမော့လိုက်သည်။ မျက်လုံးချင်းဆုံတော့ မာရီအန်းက အကြည့်ကို အသာလေး အောက်စိုက်သွား၏။
“မာရီအန်း၊ ကျွန်မကို ဧည့်သည် လာတွေ့တာက ဒါ ပထမဆုံးအကြိမ်လား။ ကျွန်မ မသိဘဲ လွှတ်လိုက်တဲ့သူ တစ်ယောက်လောက်များ ရှိသေးလား။”
မာရီအန်းက အလေးအနက်မျက်နှာဖြင့် ပြန်ဖြေခဲ့သည်။
“အရှင်မိဖုရားဆီ အခစားဝင်ခွင့်တောင်းတဲ့သူကို ကျွန်မအနေနဲ့ ဘယ်လိုလုပ်ပြီး ကိုယ့်သဘောနဲ့ကိုယ် ရာရာစစ ငြင်းပယ်ဝံ့ပါ့မလဲ။ အဲ့ဒီလိုအဖြစ်မျိုး မရှိခဲ့သလို နောက်လည်း ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။”
“မာရီအန်းကို သံသယဝင်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒီနေ့ ကျွန်မဆီ ဧည့်သည်လာတယ်ဆိုတော့...”
ယူဂျင်း ခါးသီးစွာ ပြုံးလိုက်သည်။ တစ်လကျော်ကြာသည်အထိ မိဖုရားကို လာတွေ့သူ တစ်ယောက်မှမရှိခြင်းမှာ ပုံမှန်မဟုတ်ပေ။ ဂျင်က မည်မျှအထိ တသီးတသန့် နေထိုင်ခဲ့မှန်း သိလိုက်ရ၏။ ထိုသို့နေနိုင်အောင် ခွင့်ပြုပေးသည့် ဤနေရာမှလူများကိုလည်း တော်တော်အံ့ဩဖို့ကောင်းသည်ဟု တွေးလိုက်မိသည်။
“အဲ့ဒီလူနဲ့ တွေ့လိုက်ပါ့မယ်။ ဝင်လာဖို့ ပြောလိုက်ပါ။”
“ဟုတ်ကဲ့ပါ။ အရှင်မိဖုရား။”
အပြင်သို့ ထွက်သွားသည့် မာရီအန်း၏မျက်နှာ တင်းမာသွားခဲ့သည်။ တစ်ချိန်ကတော့ ဘုရင်မင်းမြတ်ကို ‘မိဖုရား မှတ်ဉာဏ်တွေ ပြန်ရလာအောင် သဘာဝကျကျလေး ကူညီပေးရပါမယ်’ ဟု အကြံပေးခဲ့ဖူး၏။
သို့သော် တကယ်တမ်း ထိုသို့ဖြစ်လာချိန်တွင် မာရီအန်း၏စိတ်က တုန်လှုပ်နေတော့သည်။
ခဏနေတော့ မာရီအန်းက လူတစ်ယောက်ကို ခေါ်လာ၏။ မာရီအန်း၏ဘေးတွင် အင်မတန် သေးညှက်နေသည့်ပုံပေါ်အောင် ထိုလူ၏ ခန္ဓာကိုယ်က သေးကွေးလှသည်။ ပခုံးကိုင်းထားသည့် ကိုယ်နေဟန်ထားကြောင့် ပုပြီးသားအရပ်က ပို၍သေးညှက်နေသလိုပင်။
ထိုလူကို မြင်လိုက်ရသည်နှင့် ယူဂျင်း၏လက်က ဆတ်ခနဲလှုပ်ရှားသွားသည်။
‘ဟိုလူပဲ။’
ပိတ်ထားသည့် တည်းခိုခန်းအရှေ့က မြင်ကွင်းထဲတွင် ပေါ်လာခဲ့သော၊ ဂျင်၏ရှေ့မှောက်တွင် ဝပ်တွားပြီး ဂျင်ကို နီရဲနေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သော ထိုလူပင်။
ဘာသာရေးအစွန်းရောက်ဂိုဏ်း ခေါင်းဆောင်တစ်ယောက်က ဘုရင့်ရဲတိုက်ထဲသို့ ဝင်ထွက်နေကြောင်း သိလိုက်ရတော့ ထိုသို့သောလူမျိုးကို နန်းတော်ထဲအထိ ခေါ်လာခဲ့သည့် ဂျင်အပေါ် ဒေါသထွက်မိရ၏။
‘ဂျင်က သူ့နာမည်ကို ကေ့ဂ်ျလို့ ခေါ်တာမဟုတ်ဘူး။’
ထိုလူ၏မျက်နှာကို ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က သူ့နားနားကပ်ပြီး တီးတိုးပြောနေသည့်အလား ထိုလူကိုခေါ်သည့် ဂျင်၏အသံကို ကြားလိုက်ရသည်။
“ရိုဒရစ်ဂ်။”
ထိုလူက နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းလာကာ နှာခေါင်းနှင့်ကြမ်းပြင် ထိလုမတတ် ဦးညွှတ်လေသည်။
“အဆုံးမရှိတဲ့ ဂုဏ်ကျက်သရေက အမြင့်မြတ်ဆုံးသော အာနီခါနဲ့အတူရှိပါစေ။ ဟောဒီ နိမ့်ပါးတဲ့ ကျေးကျွန်တော်မျိုး ဂါရဝပြုပါတယ်။”
ယူဂျင်းက ရိုဒရစ်ဂ်ကို ငုံ့ကြည့်ရင်း ဧည့်ခန်းထဲတွင် ဘယ်သူတွေရှိနေကြောင်း စဉ်းစားလိုက်သည်။ မာရီအန်းအပြင် တံခါးဝတွင် ရံရွေတော်နှစ်ယောက်ရှိနေကာ တစ်ဖက်ထောင့်တွင်လည်း ရံရွေတော်နှစ်ယောက် စောင့်ဆိုင်းနေကြ၏။ ယူဂျင်း ထိုင်နေသည့်ဆိုဖာနှင့် ခပ်လှမ်းလှမ်းတွင် ဂျီးန်လည်း ရှိနေသည်။
“ဘာကိစ္စလဲ။”
“အရေးတကြီး လျှောက်တင်စရာရှိတဲ့အတွက် ရိုင်းပျမိပါတယ်။ ခွင့်လွှတ်ပေးဖို့တောင်းပန်ပါရစေ။”
“အရေးကြီးကိစ္စတဲ့လား။”
“ဟုတ်ပါတယ်။ အရင်က...”
ထိုလူက ဘယ်ညာကြည့်ရင်း ပြောခဲ့သည်။
“လျှောက်ထားမဲ့စကားက တိုက်ရိုက်မပတ်သက်သူတွေ ကြားလို့မဖြစ်အောင် အရေးကြီးပါတယ်ခင်ဗျ။”
ယူဂျင်းက ထိုလူမည်သို့တုံ့ပြန်မည်ကို သိချင်သဖြင့် ရံရွေတော်နှစ်ယောက်ကို အပြင်သို့လွှတ်လိုက်သည်။
“ရပြီလား။”
“အင်မတန်ကို အရေးကြီးတဲ့ကိစ္စပါ။”
ယူဂျင်းလည်း တံခါးဝတွင်ရှိနေသည့် ရံရွေတော်နှစ်ယောက်ကိုပါ အပြင်ကို လွှတ်လိုက်၏။ ယခု ဧည့်ခန်းထဲတွင် မာရီအန်းနှင့် ဂျီးန်သာ ကျန်တော့သည်။ မာရီအန်းက မျက်နှာ အနည်းငယ် တင်းမာနေသော်လည်း ဝင်မပါခဲ့။
“အခုရော ရပြီလား။”
“ဟုတ်ကဲ့။”
ထိုလူက သွားအဖြီးသား ရယ်ခဲ့သည်။
"ပြီးတော့ ရံရွေတော်နှစ်ယောက်ကို မေတ္တာရပ်ခံစရာစကား ရှိပါတယ်။”
ဂျီးန်နှင့် မာရီအန်းတို့၏ မျက်လုံးများ ထိုလူကိုကြည့်နေစဉ် ထိုလူ၏မျက်လုံးထဲတွင် နီရဲသည့်အလင်းရောင်များ ဖျတ်ခနဲလင်းပြီး ပျောက်ကွယ်သွားသည်ကို ယူဂျင်း မြင်လိုက်ရ၏။ ထို့နောက် ထိုလူက ယူဂျင်း၏ မျက်နှာချင်းဆိုင်သို့ လျှောက်လာကာ ကြမ်းပြင်ပေါ်သို့ မှောက်လျက်ဝပ်တွားခဲ့သည်။
“သူတော်စင်အရှင်မ အာနီခါကို ဘုရားသခင် ကောင်းချီးပေးပါစေ။ မာရာရဲ့ အလုပ်အကျွေးက အာနီခါကို ဂါရဝပြုပါတယ်။”
စိတ်လှုပ်ရှားနေသည့် ယူဂျင်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။ နှလုံးက ရင်ဝသို့ကျသွားပြီး အသက်မရှူနိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိ၏။
‘ဒီလူ ဘာတွေပြောနေတာလဲ။ တကယ်ပဲ နောက်ဆက်တွဲဖြစ်လာမှာတွေကို ဘယ်လိုလုပ်မလို့လဲ။’
သို့သော် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ဂျီးန်ကို လှည့်ကြည့်လိုက်တော့ မျက်လုံးကို အရှေ့တည့်တည့်သို့ကြည့်ကာ မလှုပ်မယှက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ဤတစ်ကြိမ်တော့ မာရီအန်းကို လှည့်ကြည့်လိုက်သည်။
မာရီအန်း၏ မျက်နှာကလည်း ဂျီးန်နှင့် အတူတူပင်။ လိပ်ပြာလွင့်သွားသလို ပုံစံမျိုး၊ ဘာမှမမြင်ရ ဘာအသံမှလည်း မကြားရတော့သူတစ်ယောက်လို ဖြစ်နေ၏။
ထိုလူ တစ်ခုခုလုပ်လိုက်သည်မှာ သေချာပေသည်။
‘ဒီနှစ်ယောက်က… အရင်ရံရွေတော်တွေနဲ့ မတူဘဲ ထူးခြားတဲ့သူတွေကို။ မကောင်းတာတစ်ခုခု လုပ်လိုက်တာတော့ မဟုတ်ပါဘူးနော်။’
မှောက်လျက်ဝပ်တွားနေရာမှ ခေါင်းမော့လာသည့် ထိုလူ၏မျက်နှာတွင် မှေးမှိန်သည့် အလင်းရောင်တစ်ခု ပေါ်လာသည်။
‘အမှားလုပ်လိုက်မိတာများလား။’
ယူဂျင်းက ကြောင်သွားသည့်ပုံစံ မပေါ်အောင် အစွမ်းကုန် ကြိုးစားခဲ့သည်။
‘စိတ်ငြိမ်ငြိမ်ထား။ လူက ဝိညာဉ်ပြောင်းသွားတယ်လို့ ဘယ်သူက ထင်မှာလဲ။’
ယူဂျင်းတစ်ယောက် အကြိတ်အနယ် စဉ်းစားကြည့်တော့သည်။ ဂျင်သာဆို ဘယ်လိုလုပ်မလဲ။ အခွင့်ထူးကို သာမန်အတိုင်း အမြဲရနေမည့်အရာလို ခံစားပြီး ရံရွေတော်၏ အသက်ကို ရောင်းစားခြင်းအမှုကိုပင် သာမန်ကိစ္စဟုယူဆသည့် ဂျင်သာဆိုလျှင် ဘယ်လိုလုပ်လောက်မလဲ။
ဂျင်က ဘယ်တော့မှ မိမိ၏လုပ်ရပ်အတွက် ဆင်ခြေပေးနေမည်မဟုတ်သလို မိမိထက်နိမ့်ပါးသူကို နားချအယုံသွင်းရန်လည်း ကြိုးစားမည်မဟုတ်ပေ။
ယူဂျင်းလည်း မာန်ပါပါ မျက်နှာနှင့် မေးစေ့ကို အနည်းငယ်ပင့်ကာ အေးစက်ပြီး နိမ့်သည့်အသံနှင့် ပြောလိုက်သည်။
“ရိုဒရစ်ဂ်။”
ထိုလူက ဆတ်ခနဲတုန်သွားကာ ချက်ချင်း ဦးညွှတ်ခဲ့သည်။
“ဟုတ်ကဲ့ပါ၊ သူတော်စင်အရှင်မ အာနီခါ။”
“မေးတာကိုဖြေ။”
“စိုးရိမ်စရာမရှိပါဘူး။ ခဏတာလေး မှတ်ဉာဏ်ပျောက်ဆုံးသွားရုံပါပဲ။ သူတော်စင်မ အာနီခါ။”
‘အိပ်မွေ့ချသလိုမျိုးများလား။’
ထိုလူ တစ်ပြိုင်နက်တည်း အိပ်မွေ့ချနိုင်သည့်လူက အများဆုံးမှ နှစ်ယောက် သို့မဟုတ် သုံးယောက်လောက်သာရှိသည့်ပုံပင်။
‘ဒါကြောင့် ရံရွေတော်တွေကို ထွက်သွားခိုင်းတာကိုး။’
ထိုသို့ဆိုလျှင် ယခင်က ဂျင် မျက်နှာသာပေးခဲ့သော ရံရွေတော်များသည်လည်း ဂျင်နှင့် ထိုလူကြားတွင် ဘာစကားများပြောခဲ့မှန်း သိနိုင်မည်မဟုတ်ပေ။
‘အချိန်ယူပြီး စဉ်းစားဖို့ နောက်ကျသွားပြီဆိုပေမဲ့ ပိုကြီးတဲ့ ပြဿနာက ကျန်နေသေးတာပဲ။’
'ဒါနဲ့ ငါက ဘာဖြစ်လို့ သူတော်စင်အရှင်မလဲ။'
ထိုလူက သူ့ကိုယ်သူ ‘မာရာ၏ အလုပ်အကျွေးပြုသူ’ ဟုပြောခဲ့၏။ မာရာကို ဘုရားအဖြစ် ကိုးကွယ်သည့် ဘာသာရေးအစွန်းရောက်ဂိုဏ်းကို အလုပ်အကျွေးပြုသူမဟုတ်။ ထိုသို့ဆိုလျှင် ထိုလူ၏အမြင်တွင် မာရာ၏ ကောင်းချီးကို ခံယူထားသည့် အထွတ်အမြတ်ပုဂ္ဂိုလ်များကသာ သူတော်စင်များ ဖြစ်ပေလိမ့်မည်။
‘ဂျင်က မာရာရဲ့အစွမ်းကို မရသေးဘူး မဟုတ်ဘူးလား။’
တစ်ချိန်တည်းတွင် ချွေးစေးများ စီးကျလာကာ မျက်လုံးများ မှောင်ကျသွားတော့သည်။ ဂျင်က အရေးကြီးသည့် အမှားများ မလုပ်ရသေးဘူးဟု ပျော်နေခဲ့သော်လည်း ကိစ္စတွေက အကုန်ဖြစ်ခဲ့ပြီးပြီဆိုလျှင် ဘယ်လိုလုပ်မလဲ။
ထိုလူ သံသယမဝင်အောင်လုပ်ရင်း အချက်အလက် အများကြီးရအောင် ကြိုးစားရပေမည်။
“ပေါ့ဆလိုက်တာ။ ဘယ်သူက ဒီကို လာခိုင်းလို့လဲ။”
ယူဂျင်းက ‘ရုန်းကန်လှုပ်ရှားရတဲ့ ရာသီမှာ လာဖူးတာ ဒါပထမဆုံးအကြိမ်ပါပဲ’ ဟူသည့် ဆာရာ၏စကားကို သတိရရင်း ထိုလူကို အပြစ်တင်လိုက်သည်။
“အရေးကြီးတဲ့ အခမ်းအနားမတိုင်ခင် သူတော်စင်အရှင်မက သတင်းပို့တာမျိုးမရှိဘဲ သနားစရာ မာရာရဲ့ အလုပ်အကျွေး တာနီယာကို သွားတွေ့ခဲ့ကြောင်း ကြားပါတယ်။ သူတော်စင်အရှင်မရဲ့ လုံခြုံဘေးကင်းရေးကို စစ်ဆေးဖို့ ပူပန်ကြောင့်ကြနေတာနဲ့ ဒီကို အပြေးအလွှား ရောက်လာခဲ့တာပါ။”
ထိုလူ၏စကားကို နားမလည်သော်လည်း အရေးကြီးမှန်း သိလိုက်သည်။ ယူဂျင်းလည်း နားလည်ဖို့ကြိုးစားနေသည်ကို လက်လျှော့ပြီး ထိုလူကို ခပ်ပြင်းပြင်း အော်လိုက်၏။
“အတင့်ရဲလိုက်တာ။ ငါ့ဆီကနေ စကားတစ်ခွန်းမှ မလာရင် ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ရမှာပေါ့။ နင့်ကို အစစအရာရာ လိုက်ပြီးအစီရင်ခံရမယ်လို့ ပြောနေတာလား။”
“ဒေါသကို လျော့ပေးဖို့ တောင်းပန်ပါတယ်။ ဟောဒီ နိမ့်ပါးတဲ့ ကျွန်တော်မျိုးက ပေါ့ဆခဲ့မိတာပါ။”
ထိုလူ၏ အပြုအမူကိုကြည့်ပြီး ယူဂျင်းလည်း ဂျင်နှင့် ထိုလူ၏ ဆက်ဆံရေးကို ခန့်မှန်းလိုက်သည်။ ထိုလူက ဂျင်၏ တပည့်တစ်ယောက်လို၊ လက်အောက်ငယ်သားတစ်ယောက်လို နာခံ၏။
ထိုသို့ဆိုလျှင် ထိုလူ ခေါ်ခဲ့သော ‘သူတော်စင်အရှင်မ’ ဟူသည့် အသုံးအနှုန်းက ဘွဲ့ထူးဂုဏ်ထူးတစ်ခုမဟုတ်ဘဲ ဘာသာရေးအစွန်းရောက်ဂိုဏ်းအတွင်း အင်မတန် မြင့်မားသည့်ရာထူးကို ကိုယ်စားပြုခြင်းဖြစ်လိမ့်မည်။
‘ဂျင်က မာရာရဲ့ အစွမ်းကို မရသေးပါဘူး။ အဲ့ဒါတော့ သေချာတယ်။’
ယူဂျင်းက တစ်လကျော်ကြာသည်အထိ ဂျင်၏ခန္ဓာကိုယ်နှင့် နေထိုင်ခဲ့သော်လည်း မည်သည့်အစွမ်းကိုမှ မခံစားခဲ့ရပေ။
‘ဒါပေမဲ့ ဂျင် သူတော်စင်အရှင်မလို့ အခေါ်ခံရတယ်ဆိုတာက သူ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်ဖြစ်ခဲ့တာ တော်တော်ကြာပြီဆိုတဲ့ သဘောပဲပေါ့။’
~~~~
Miel's Translations