အပိုင်း ၁၀၂
နေမင်း ထွက်ပေါ်လာသည့် မနက်စောစောမှ စတင်ခဲ့သော ယဇ်ပူဇော်ပွဲသည်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပေပြီ။ လူတစ်ရပ်ကျော်မြင့်သော ဧရာမကြေးဝါအိုးကြီးထဲတွင် မြက်ခြောက်များကို ထည့်သွင်းမီးရှို့ပြီးနောက် ရရှိလာသော ပြာများကို ရေအပြည့်ဖြည့်ထားသည့် အိုးငယ်ထဲသို့ လောင်းထည့်ခဲ့ကြသည်။ ယဇ်ပူဇော်ပွဲသို့ တက်ရောက်လာသူများက ထိုရေကို ခပ်ယူသောက်သုံးခြင်းဖြင့် လုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွား၏။
ယူဂျင်းက ပန်းကန်လုံးထဲမှရေကို အကုန်သောက်ရန်မလိုဟု ကြားထားသည့်အတွက် တစ်ငုံသာသောက်ပြီး ရံရွေတော်အား ပြန်ပေးလိုက်သည်။
‘နောက်ဆုံးတော့ ပြီးသွားပြီပဲ။’
သူက မျက်နှာကို ခပ်ဖွဖွလေး စမ်းကြည့်လိုက်သည်။ မျက်နှာထားကို ကောင်းကောင်းထိန်းထားနိုင်ခဲ့ရဲ့လား။ မိုးမလင်းခင်က ဖြစ်ပျက်ခဲ့သောကိစ္စက သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာသည့်အတွက် စိတ်ရှုပ်ထွေးနေ၏။ ဘယ်လိုစိတ်ဖြင့် ယဇ်ပူဇော်ပွဲသို့ တက်ရောက်ခဲ့မှန်း မသိတော့ပေ။ ယဇ်ပူဇော်ပွဲ၏ ပုံစံက အတော်အသင့် ရိုးရှင်းသဖြင့် တော်သေးသည်ဟု တွေးလိုက်သည်။
ယူဂျင်းတစ်ယောက် ယနေ့မနက်က ရံရွေတော်ဝင်မလာခင် အလျင်စလိုပြင်ဆင်ပြီးနောက် စိုးရိမ်စိတ်ဝင်လာကာ ခါဆယ်ရ်အား မေးခဲ့မိ၏။
「ဘိုးဘေးတွေက မလေးမစားလုပ်တယ်ဆိုပြီး ဒေါသထွက်ကုန်ကြရင် ဘယ်လိုလုပ်မလဲဟင်။」
သူက အင်မတန်ရယ်စရာကောင်းသည့် စကားကိုကြားလိုက်ရသူအလား ရယ်ခဲ့သည်။
「မျိုးနွယ်စုရဲ့ ကြီးပွားတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မြေးမြစ်ကို တော်တယ်ဆိုပြီး ဂုဏ်ယူကြမှာပေါ့။」
ယူဂျင်းက အကြံပေးအရာရှိအား ညွှန်ကြားချက်များပေးနေသော ခါဆယ်ရ်ကို ကြည့်လိုက်သည်။ လူတစ်ယောက်ကို နားလည်ရန်မှာ ခက်ခဲလှ၏။ ထိုလူကို သိလာလေလေ နားမလည်နိုင်အောင် ရှုပ်ထွေးလာလေလေပင်။ မိမိ၏ ဘိုးဘေးကိုပင် ဟာသလုပ်စရာအဖြစ် အသုံးပြုသော ရှင်ဘုရင်။ သားသမီးရရှိရေးအတွက် စာချုပ်ချုပ်၍ လက်ထပ်ထိမ်းမြားရန်ပင် မတွန့်ဆုတ်ခဲ့သူဖြစ်၍ တော်ဝင်ရေးရာများနှင့် ပတ်သက်လာလျှင် အလွန်အင်မတန် ရှေးရိုးစွဲလိမ့်မည်ဟု ထင်ထားခဲ့သည်ကို။
ဦးညွှတ်ထားသည့် အကြံပေးအရာရှိ ထွက်သွားပြီးနောက် ခေါင်းလှည့်လာသော ခါဆယ်ရ်နှင့် ယူဂျင်းတို့ မျက်လုံးချင်းဆုံသွားလေသည်။ သူက ယူဂျင်းထံသို့ လျှောက်လာ၏။
“အားလုံးပြီးသွားပြီဆိုတော့ အခု သွားကြတာပေါ့၊ မိဖုရား။”
“ချက်ချင်း ထွက်ခွာတော့မှာလားရှင့်။”
“အမြန်ဆုံးထွက်နိုင်ရင် အကောင်းဆုံးပဲ။ စားသောက်ဖို့အချိန်မရှိဘူးဆိုတော့ ပေါ့ပေါ့ပါးပါး တစ်ခုခုစားထား။”
နှစ်ဦးသား ပြင်ဆင်မှုများ မပြီးစီးသေးသည့် လူတို့ကို ကျောခိုင်းကာ တဲဆီသို့ သွားခဲ့ကြသည်။ တဲထိုးထားသည့် နေရာကိုလည်း ရှင်းလင်းသိမ်းဆည်းနေသည်မှာ အတော်အတန် ပြီးစီးနေပေပြီ။ တဲအချို့ကိုသာ ချန်ထားခဲ့ကာ ကျန်တဲအားလုံးကို ဖြုတ်သိမ်းထား၏။
စစ်သည်တော်တစ်ဦးက ချဉ်းကပ်လာကာ ဦးညွှတ်အရိုအသေပေးခဲ့သည်။
“အရှင်မင်းကြီး။ ပတ်ဝန်းကျင်မှာ စုံစမ်းထောက်လှမ်းနေတဲ့သူကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးထားပါတယ်။ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ပါ။”
“ဘာရည်ရွယ်ချက်နဲ့လဲ။”
“စစ်ဆေးမေးမြန်းပေမဲ့ အဖြေမရခဲ့ပါဘူး။”
ခါဆယ်ရ်၏မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
“လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်က ရာရာစစ အထွတ်အမြတ်နယ်မြေကို ကျူးကျော်ဝံ့သတဲ့လား။ ထုံးတမ်းဥပဒေအတိုင်း စီရင်လိုက်။”
“နားလည်ပါပြီ၊ အရှင်မင်းကြီး။”
စကားဝိုင်းကို အသာတိတ်တိတ်လေး နားထောင်နေသည့် ယူဂျင်းတစ်ယောက် စိတ်ထဲတွင် သံသယများ ပေါ်လာတော့သည်။ ဤကန္တာရအလယ်တွင် ထိုကဲ့သို့ မသင်္ကာဖွယ်ရာလူတစ်ဦး ရှိနေလေသတဲ့။
‘လှည့်လည်သွားလာသူ မျိုးနွယ်စုပေါ့လေ။ ဘုရင့်တိုင်းပြည်ရဲ့ နိုင်ငံသားမဟုတ်ဘူးလား။’
ယူဂျင်းက အစီရင်ခံပြီးသည့်နောက် လှည့်ထွက်သွားသော စစ်သည်တော် ဦးတည်သွားသည့်နေရာကို ကြည့်လိုက်သည်။ အဝေးတစ်နေရာတွင် စစ်သည်တော်များက လူတစ်ဦးအား ဝိုင်းရံထားသည်ကို မြင်နေရ၏။ လက်များ နောက်ပြန်ကြိုးတုပ်ခံထားရကာ ဒူးထောက်ထားသည့်သူက အမျိုးသား၏ ပုံပန်းသဏ္ဌာန်ဖြစ်မည့်ပုံပင်။ အင်မတန် ကြမ်းတမ်းစွာ ဆက်ဆံခံထားရပုံရပြီး ပင်ပန်းနွမ်းလျစွာ ခေါင်းငုံ့ထားလျက်ရှိနေ၏။
ယူဂျင်းက ယာယီတဲထဲတွင်ထိုင်ကာ ရံရွေတော်ယူလာသော အဆာပြေမုန့်ကိုစားရင်း ဆဗဲန်ကို ခေါ်လိုက်သည်။
“ဆာ ဆဗဲန်။ လှည့်လည်သွားလာသူ မျိုးနွယ်စုကို သိလား။”
“သိပါတယ်၊ အရှင်မိဖုရား။ သူတို့က ကမ္ဘာအပြင်ဘက်မှာ လှည့်လည်သွားလာနေကြသူတွေပါ။”
ဆဗဲန်၏ ရှင်းပြချက်အရ လှည့်လည်သွားလာသူ မျိုးနွယ်စုမှာ နိုင်ငံမဲ့များဖြစ်ကြသည်။ သူတို့က အတည်တကျ အခြေချမနေဘဲ ကမ္ဘာတစ်ဝန်းကို အဆက်မပြတ် လှည့်လည်သွားလာနေကြသူများပင်။ ဘုရင့်တိုင်းပြည်၏ အုပ်ချုပ်ရေးအာဏာ မသက်ရောက်နိုင်သည့် အန္တရာယ်များသော ဒေသများသို့ သွားလာနေကြသဖြင့် သူတို့နှင့် ရင်ဆိုင်တွေ့ဆုံရခြင်းမှာ မရှိသလောက်ဖြစ်ပေသည်။ ထို့ကြောင့် လှည့်လည်သွားလာသူ မျိုးနွယ်စု၏ ဖြစ်တည်မှုကို လုံးဝမသိကြသည့် ပြည်သူများလည်း အများကြီးရှိ၏။
လှည့်လည်သွားလာသူ မျိုးနွယ်စု၏ မူလဇာစ်မြစ်နှင့်ပတ်သက်ပြီး လူသိများသော အချက်အလက်များ မရှိပေ။ သူတို့က အင်မတန် တသီးတသန့် နေထိုင်ကြပြီး မိမိတို့ မျိုးနွယ်စုဝင်အချင်းချင်းသာ လက်ထပ်ကာ သားသမီးများမွေးဖွားပြီး မျိုးနွယ်စုဝင်မဟုတ်သူများနှင့် အဆက်အသွယ်မလုပ်ဘဲနေကြ၏။
“ဒါဆို လှည့်လည်သွားလာသူ မျိုးနွယ်စုက ကန္တာရမှာ နေကြတယ်လို့ ပြောချင်တာလား။”
“ကန္တာရမှာတင်မကဘဲ ကြမ်းတမ်းတဲ့ တောင်ကုန်းဒေသတွေနဲ့ သစ်တောတွေမှာပါ ပုန်းအောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။”
“ခြောက်သွေ့ရာသီမှာကတော့ အဲ့ဒီလို ဖြစ်နိုင်ပေမဲ့ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာရော ဘယ်လိုနေကြလဲ။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာ နယ်စပ်ကိုဖြတ်ပြီးတော့ လူတွေကြားထဲ ဝင်ရောပြီး ပုန်းရှောင်နေထိုင်ကြတာလား။”
“မဝင်ပါဘူးခင်ဗျ။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာလည်း သူတို့က ဘုရင့်တိုင်းပြည်ရဲ့ နယ်နိမိတ်ထဲ ဝင်လာတာမျိုး မရှိပါဘူး။”
“ဘယ်လိုလုပ် အဲ့ဒီလိုဖြစ်နိုင်ရတာလဲ။ လာ့ခ်က သူတို့ကို မတိုက်ခိုက်ဘူးဆိုတဲ့သဘောလား။”
“အဲ့ဒါကိုတော့ ကျွန်တော်လည်း...စိုးရွံ့မိပါတယ်၊ အရှင်မိဖုရား။ သေချာမသိပါဘူး။”
“ဆာ ဆဗဲန်တစ်ယောက်တည်း မသိတာလား၊ ဒါမှမဟုတ် တခြားလူတွေရော မသိကြတာလား။”
“အဖြေကို သိတဲ့သူ ရှိ၊ မရှိကို မသိပါဘူးခင်ဗျ။”
“ရှာဖွေဖို့ ကြိုးစားဖူးတာမျိုးရော မရှိဘူးလား။ ကိုယ်ရေးကိုယ်တာ သိလိုစိတ်ကို ဖြေရှင်းဖို့မဟုတ်ဘဲ တိုင်းပြည်မူဝါဒအရရော မစုံစမ်းခဲ့ဘူးလား။”
“ခက်ခဲမယ်လို့ ထင်ပါတယ်။ နေထိုင်ရာ အရပ်တောင် မရှင်းလင်းတဲ့သူတွေမို့လို့ပါ။”
‘ထူးဆန်းလိုက်တာ။’
ယူဂျင်း နားမလည်နိုင်ဖြစ်နေသည်။ လှည့်လည်သွားလာသည့် မျိုးနွယ်စုက လာ့ခ်ကို ရှောင်ရှားနိုင်မည့် နည်းလမ်းကို သိရှိထားသည်ဆိုပါက ယင်းမှာ အင်မတန်အရေးကြီးသော လျှို့ဝှက်ချက်ပင် ဖြစ်ပေလိမ့်မည်။ လူ့အသက်ပေါင်းများစွာနှင့် သက်ဆိုင်သည့်ပြဿနာ မဟုတ်ပေဘူးလား။ ဘုရင့်တိုင်းပြည်မှ ကြွယ်ဝချမ်းသာသည့် မှူးမတ်အနွယ်တော်များအားလုံး ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် အထွတ်အမြတ်မြို့တော်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်မှာ လက်ရှိအခြေအနေပင်။
လှည့်လည်သွားလာသည့် မျိုးနွယ်စု၏ ပြင်ပနှင့်အဆက်အဆံမလုပ်သော တံခါးပိတ် သဘောလက္ခဏာမှာ ဆင်ခြေမဖြစ်နိုင်ပေ။ ညှိနှိုင်း၍မရပါက ခြိမ်းခြောက်ခြင်းဟူသော နည်းလမ်းရှိ၏။ မှူးမတ်အနွယ်တော်များက မိမိတို့၏ ဘေးကင်းရေးအတွက် နိုင်ငံမဲ့သူများနှင့် အင်အားမဲ့သူများ၏ အသက်ကို စတေးရန် တွန့်ဆုတ်လိမ့်မည်မဟုတ်။
「ထုံးတမ်းဥပဒေအတိုင်း စီရင်လိုက်။」
ယူဂျင်းတစ်ယောက် စောစောက ခါဆယ်ရ် စစ်သည်တော်အား ပြောခဲ့သည့်စကားကို သတိရလိုက်သည်။
“ခုနက လူက ဘယ်လိုပြစ်ဒဏ်မျိုး ခံရမှာလဲ။”
“ကွပ်မျက်ခံရမှာပါ။”
ယူဂျင်း အလန့်တကြား ပြန်မေးလိုက်မိသည်။
“ကွပ်မျက်မယ်၊ ဟုတ်လား။ ဘယ်လို ကွပ်မျက်တာလဲ။ သတ်ပစ်မယ်လို့ ပြောနေတာလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
“တအားလွန်လွန်းတဲ့ အပြစ်ဒဏ်ဖြစ်မနေဘူးလား။ သူက ဘာအန္တရာယ်မှပေးခဲ့တာလည်း မဟုတ်ဘူးလေ။”
“လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို တွေ့တာနဲ့ ချက်ချင်းဖမ်းဆီးပြီး အထွတ်အမြတ်မြို့တော်ကို ပို့ရပါတယ်။ ဒါပေမဲ့ အထွတ်အမြတ်မြို့တော်အထိပို့ဖို့ အင်မတန် ဝေးကွာလွန်းတာလို အခြေအနေမျိုးတွေရှိခဲ့ရင်တော့ ခေါင်းဖြတ်ကွပ်မျက်ရပါတယ်ခင်ဗျ။”
ယူဂျင်းလည်း တဒင်္ဂ စကားမပြောနိုင်ဖြစ်သွားတော့သည်။ ထိုလူကို မသင်္ကာဖွယ် သူလျှိုဖြစ်သည့်အတွက် အပြစ်ပေးသည်ဟု ထင်ထားခဲ့၏။ သို့သော် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ဖြစ်နေခြင်းကပင် အပြစ်တစ်ခု ဖြစ်နေသတဲ့လား။
“အထွတ်အမြတ်မြို့တော်ကို ပို့ဆောင်တယ်ဆိုတော့…လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တဲ့သူက ဆန်းဂျယ်အရှင်မြတ်လား။”
“ဟုတ်ပါတယ်။ ဆန်းဂျယ်က လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်တွေက လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖျက်ဆီးမဲ့ အန္တရာယ်ဆိုပြီး မိန့်ကြားထားပါတယ်ခင်ဗျ။ သူတို့ရဲ့ ဖြစ်တည်မှုက တစ်ချိန်ချိန်ကျရင် ဒီကမ္ဘာဆီကို မှောင်မိုက်တဲ့ အနာဂတ် ရောက်လာစေမှာဖြစ်တဲ့အတွက် မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုပြီး အဆိုရှိထားပါတယ်။”
‘ပြုပြင်ပြောင်းလဲမယ်ပေါ့လေ။’
ယူဂျင်းက အထွတ်အမြတ်မြို့တော်သို့ ပို့ဆောင်ခြင်းခံရသော လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်များထဲတွင် အသက်ရှင်ကျန်ရစ်သူ ရှိပါ့ဦးမလားဟု သံသယဖြစ်မိသည်။ ခေါ်မလာနိုင်လျှင် သတ်ပစ်ရန် အမိန့်ပေးခဲ့သော ဆန်းဂျယ်က တကယ်ရော သူတို့ကို အသက်ရှင်ခွင့်ပေးလောက်ပါ့မလား။
ဤအချက်က ယူဂျင်း နေထိုင်ခဲ့ရာ ကမ္ဘာ၏ မှောင်မိုက်သောသမိုင်းတွင် ရှိခဲ့ဖူးသော စုန်းကဝေလိုက်ခြင်းကို အမှတ်ရသွားစေခဲ့သည်။
‘နားမလည်ဘူး။’
မာရာကိုးကွယ်သူများကို နယ်နှင်ဒဏ်ပေးရုံဖြင့်သာ ရပ်တန့်စေခဲ့ပြီး သဘောထားကြီးမှုကို ပြသခဲ့သော ဆန်းဂျယ်က အဘယ်ကြောင့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်များအပေါ် ထိုမျှအထိ ရက်စက်ရသနည်း။ မိမိတို့၏ အယူဝါဒကို ပြန့်ပွားစေရန်အတွက် ပြည်သူလူထုကို လှည့်ဖြားနေသည့် မာရာ နောက်လိုက်များနှင့် နှိုင်းယှဉ်ပါက လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်များမှာ အသာလေး ထွက်ပြေးတိမ်းရှောင်သူများအဖြစ် နေထိုင်ရုံသာရှိကြ၏။
“လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ဆိုတာကို ဘယ်လိုလုပ် ခွဲခြားပြီးသိနိုင်တာလဲ။”
“သူတို့မှာ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ ထူးဆန်းတဲ့ အကွက်တွေ၊ ပန်းချီတွေကို တစ်ကိုယ်လုံးမှာ ဆေးမင်ကြောင် ထိုးထားကြတာပါ။”
‘အကွက်တွေ၊ ပန်းချီတွေတဲ့လား။’
ရုတ်တရက် ယူဂျင်းတစ်ယောက် ကန္တာရသို့ မထွက်ခွာမီလေးတွင် ရိုဒရစ်ဂ်နှင့်တွေ့ဆုံပြီး ရရှိခဲ့သည့် ရှေးဟောင်းစာအုပ်ကို သတိရလိုက်သည်။
ယဇ်ပူဇော်ပွဲအတွက် ပြင်ဆင်နေရသဖြင့် ရိုဒရစ်ဂ်က လျှို့ဝှက်ချက်များ အများအပြား ပါဝင်သည်ဟု အာမခံထားသည့် ထိုရှေးဟောင်းစာအုပ်ကို အသေးစိတ် ဖတ်ရှုရန် အချိန်မလုံလောက်ခဲ့ပေ။ ပြန်ရောက်မှ သေချာဖတ်မည်ဟူသောစိတ်ဖြင့် အကြမ်းဖျင်းသာ လှန်လှောကြည့်ခဲ့၏။ စာအုပ်ထဲတွင် စာမျက်နှာများစွာ၌ အဓိပ္ပာယ်မသိရသည့် ထူးခြားသော အကွက်များ ရေးဆွဲထားသည်ကို တွေ့ခဲ့ရသည်။
‘လှည့်လည်သွားလာသူ မျိုးနွယ်စုနဲ့ လျှို့ဝှက်ချက်... ပတ်သက်မှုများ ရှိနေမလား။’
ယူဂျင်း ချက်ချင်း ထရပ်လိုက်သည်။ ထိုလူနှင့် တွေ့ကြည့်ရပေမည်။ ထိုသို့လုပ်နိုင်ရန်အတွက် သူ့အား ကွပ်မျက်ခြင်းမပြုမီ အလျင်အမြန် လှုပ်ရှားရန်လိုအပ်၏။
~~~~
စစ်သည်တော်က လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို တဲထဲသို့ ဆွဲခေါ်လာသည်။ ထိုမျိုးနွယ်စုဝင်ကို စက်ဆုပ်ရွံရှာသည့် စစ်သည်တော်၏ စိတ်ရင်းက သူ၏ ကြမ်းတမ်းသော ကိုင်တွယ်ပုံတွင် ပေါ်လွင်နေ၏။ သူက လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို ပစ်ချလိုက်သည့်အလား ကြမ်းပြင်ပေါ်တွင် ဒူးထောက်စေကာ ဘုရင်မင်းမြတ်အား လျှောက်တင်ခဲ့သည်။
“အရှင်မင်းကြီး။ ခေါ်လာပါပြီ။”
ခါဆယ်ရ်က လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်အား မနှစ်မြို့သလို အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင် ထိုင်နေသော ယူဂျင်းထံသို့ အကြည့်ကို လွှဲလိုက်သည်။ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်နှင့် တွေ့ဆုံပြီး အတည်ပြုလိုသည့် ကိစ္စများရှိကြောင်း ယူဂျင်း၏ တောင်းဆိုမှုက အင်မတန် ခခယယရှိလှသဖြင့် ခွင့်ပြုခဲ့သော်လည်း ထိုမကောင်းသောလူ ယူဂျင်းအနီးတွင် ရှိနေခြင်းကိုမူ စိတ်မသက်မသာ ဖြစ်နေရ၏။
ဆွဲခေါ်လာခြင်းခံရသူက လက်နှစ်ဖက်ကို ကျောဘက်တွင် ကြိုးတုပ်ခံထားရကာ ပါးစပ်တွင်လည်း အဝတ်စ အစည်းခံထားရသည်။ သူက ကြောက်လန့်နေဟန်ဖြင့် ခန္ဓာကိုယ်အား အတင်းအကျပ် ကျုံ့ထားသည့်အတွက် သေးငယ်သော အလုံးအရပ်က ပို၍သေးသွားသလိုပင်။ ယူဂျင်းက ပြောလိုက်သည်။
“ဒီလိုအခြေအနေနဲ့ဆို ကျွန်မ မေးတာကို ဖြေနိုင်မှာ မဟုတ်ပါဘူး။”
ခါဆယ်ရ်က စစ်သည်တော်ကို ညွှန်ကြားလိုက်သည်။
“ပါးစပ်မှာ စည်းထားတာကို ဖြေလိုက်။”
စစ်သည်တော်က ဘုရင့်အမိန့်ကို ချက်ချင်း မလိုက်နာဘဲ တုံ့ဆိုင်းနေ၏။ ဘုရင်မင်းမြတ်က စစ်သည်တော်၏ တွန့်ဆုတ်မှုကို နားလည်သည့်အလား ထပ်မံအမိန့်ပေးလိုက်သည်။
“ဘာမှမဖြစ်တာမို့လို့ ဖြေလိုက်။”
စစ်သည်တော်လည်း လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ ဆံပင်ကို ဆုပ်ကိုင်ကာ ကြမ်းတမ်းစွာ အနောက်သို့ ဆွဲချလိုက်သည်။ ပထမဆုံးအကြိမ် ပေါ်လာသော လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ မျက်နှာကို မြင်လိုက်ရတော့ ယူဂျင်း၏ မျက်လုံးများ တုန်ယင်သွား၏။
‘ငယ်သေးတာပဲ။’
ကောင်လေးတစ်ယောက်ဟုဆိုရန် အသက်ပိုကြီးနေသော်လည်း အရွယ်ရောက်သူအဖြစ်သို့ရောက်ရန် လေးငါးနှစ်လောက် လိုဦးမည့်ပုံပင်။ အတော်အသင့် အရိုက်ခံထားရပုံရကာ မျက်နှာက ပုံပျက်နေသည်။ မျက်ခွံများ ဖူးယောင်နေပြီး နှုတ်ခမ်းများ ပေါက်ပြဲကာ အနီရောင်သွေးများ စီးကျနေ၏။
သူ့မျက်နှာထားက မှတ်မှတ်ထင်ထင်ရှိလှသည်။ မကျေနပ်မှု၊ အမုန်းဒေါသကဲ့သို့သော ခံစားချက်များမပါဘဲ လက်လျှော့အရှုံးပေးထားသော မျက်ဝန်းအကြည့်က ရီဝေဝေဖြစ်နေ၏။ ရှင်သန်လိုစိတ်ကို စွန့်လွှတ်ထားပုံရသည့် ထိုပုံစံကိုကြည့်ရင်း သနားကရုဏာသက်မိရသည်။
စစ်သည်တော်က ဓားမြှောင်တစ်လက်ကိုထုတ်ကာ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ ပါးစပ်တွင်စည်းထားသောအဝတ်၏ နောက်စေ့အထိ ချည်ထားသောကြိုးကို ဖြတ်ချလိုက်သည်။ ပါးစပ်စည်းကြိုးကိုဖြတ်စဉ် ထက်မြက်သောဓားသွား ထိမိသွားသည့် ပါးပြင်ပေါ်၌ အနီရောင်အရာတစ်ခု ပေါ်လာ၏။
ယူဂျင်းက မျက်မှောင်ကြုတ်ကာ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ ပါးမှ စီးကျလာသော သွေးများကို စူးစိုက်ကြည့်နေခဲ့သည်။ စစ်သည်တော် သူ့အား ဆက်ဆံသည့် ပုံစံတွင် အငြိုးအာဃာတကို ခံစားမိရ၏။
‘ပုဂ္ဂိုလ်ရေး မကျေနပ်ချက် မရှိဘူးဆိုရင် စက်ဆုပ်မုန်းတီးမှုကြောင့် ဖြစ်ရမယ်။’
လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်များကို မြင်သည်နှင့်ဖမ်းဆီးသတ်ဖြတ်ရမည့် အန္တရာယ်ဟု ဆန်းဂျယ်က ကြေညာထားသည်။ သူတို့အား စက်ဆုပ်မုန်းတီးဖွယ်ရာ ပစ်မှတ်ဖြစ်လာစေရန် ဆန်းဂျယ်က ဖန်တီးခဲ့သည့်သဘောပင်။
‘ဆန်းဂျယ်... ဘုရားသခင်ရဲ့ အလိုတော်ကို ကိုယ်စားပြုတဲ့သူက ဘာလို့များ ဒီလိုလုပ်ရပ်မျိုး လုပ်တာပါလိမ့်။’
“ကိုယ်ပေါ်မှာ ထူးခြားတဲ့ ဆေးမင်ကြောင်တွေ ရှိတယ်လို့ ကြားထားတယ်ရှင့်။ ကြည့်ချင်ပါတယ်။”
ခါဆယ်ရ်က လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ အပေါ်ဝတ်ကို ချွတ်ပစ်ရန် ညွှန်ကြားလိုက်သည်။ စစ်သည်တော်က အဝတ်အစားများကို ချွတ်ရန်ပြင်သည့်အခါ အရုပ်ကဲ့သို့ ငြိမ်သက်နေသော မျိုးနွယ်စုဝင်က ကိုယ်ကိုလူးလွန့်ကာ စစ်သည်တော်၏လက်ကို ရှောင်တိမ်းလေ၏။ အမူအရာကင်းမဲ့နေသည့် မျက်နှာတွင် ပြင်းထန်သော ငြင်းဆန်မှုကို ထင်ရှားစွာ မြင်တွေ့နေရသည်။
တစ်ချက်နှစ်ချက် လွဲချော်သွားသည့် စစ်သည်တော်၏ မျက်နှာထားက အေးစက်လာတော့၏။ ဘုရင်နှင့် မိဖုရား၏ ရှေ့မှောက်၌သာ မဟုတ်ခဲ့လျှင် လက်သီးဖြင့် ထိုးကြိတ်မည်မှာ သေချာပေသည်။
ကြည့်နေသည့် စစ်သည်တော်တစ်ဦး ထပ်မံပါဝင်လာကာ မျိုးနွယ်စုဝင် မလှုပ်ရှားနိုင်အောင် ချုပ်ကိုင်၍ အဝတ်အစားများကို ချွတ်လေ၏။ ယင်းမှာ သေသပ်သော အဝတ်အစားမဟုတ်ဘဲ သားရေစများကိုဆက်ကာ ကိုယ်ကို ဖုံးကွယ်နိုင်ရုံသာရှိသည့် အဝတ်စုတ်သာသာမျှပင်။
ပိန်လှီသော ကိုယ်ပေါ်တွင် ဆေးမင်ကြောင်များ ပြည့်နေ၏။
“အနားထပ်တိုးလာခဲ့။”
စစ်သည်တော်နှစ်ဦးက လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်အား မြဲမြံစွာ ချုပ်ကိုင်ကာ မိဖုရား၏ ရှေ့မှောက်သို့ ဆွဲခေါ်သွားခဲ့သည်။ ထိုလူက အဓိပ္ပာယ်မရှိသည့် လုပ်ရပ်တစ်ခုခု ပြုလုပ်မည်ကို စိုးရိမ်သဖြင့် စစ်သည်တော်များ၏ တစ်ဖက်လက်က ခါးတွင်ရှိသော ဓားကို ကိုင်ထားကြ၏။
ယူဂျင်း စေခိုင်းသည့်အတိုင်း စစ်သည်တော်များက မျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်ကို အရှေ့အနောက် သေချာစွာ မြင်နိုင်စေရန် လှည့်ပြခဲ့သည်။ ရင်ဘတ်၊ ကျောပြင်၊ လက်မောင်းများအထိ ဆေးမင်ကြောင်များ အပြည့်ရှိနေ၏။ ထူးခြားသော ပုံသဏ္ဌာန်ရှိသည့် ဂျီဩမေတြီ ဒီဇိုင်းများက ယူဂျင်း ရှေးဟောင်းစာအုပ်များတွင် မြင်ခဲ့ဖူးသည့်အရာများနှင့် အင်မတန် ဆင်တူလှသည်။
“နာမည်ဘယ်လိုခေါ်လဲ။”
“……”
မျိုးနွယ်စုဝင်က ခေါင်းကို ကြမ်းပြင်သို့ ငုံ့စိုက်ထားရင်း တုံ့ပြန်ခြင်းမရှိခဲ့ချေ။
“အလကားပဲ။”
ခါဆယ်ရ်က ပြောခဲ့သည်။
“ဒီလူတွေက ဘယ်တော့မှ ပါးစပ်မဖွင့်ဘူး။ သေခြင်းတရားရဲ့ အရှေ့မှာတောင်မှ။”
“လှည့်လည်သွားလာတဲ့ မျိုးနွယ်စုဝင်အားလုံးလားရှင့်။”
“ဟုတ်တယ်။”
သို့ဆိုလျှင် ပါးစပ်ကို စည်းထားရန် ဘာကြောင့် လိုအပ်သနည်းဟု ယူဂျင်း သိချင်လာမိသည်။ စောစောက ပါးစပ်စည်းကြိုးကို ဖယ်ရှားရန်ပြောလိုက်တော့ ချီတုံချတုံဖြစ်နေခဲ့သော စစ်သည်တော်၏ တုံ့ပြန်မှုကိုလည်း ပြန်အမှတ်ရမိသွား၏။
“သူတို့က စကားမပြောနိုင်ကြဘူးလားရှင့်။”
“မဖြစ်နိုင်တာ။ အော်တတ်တာပဲကို။”
ယူဂျင်းက မျိုးနွယ်စုဝင်၏ ကိုယ်ပေါ်တွင် ရေးထိုးထားသော ဆေးမင်ကြောင်များကို အကဲခတ်ကြည့်ရှုလိုက်သည်။ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်များက အဘယ်ကြောင့် ထိုကဲ့သို့ ခမ်းနားသော ဆေးမင်ကြောင်များကို ကိုယ်ပေါ်တွင်ထိုး၍ အန္တရာယ်ကို ဖိတ်ခေါ်နေကြသနည်း။ ထိုလူ၏ ပြင်ပရုပ်သွင်က မဟာမှ လူများနှင့် မခြားနားပေ။ ဆေးမင်ကြောင်သာမရှိပါက လူအုပ်ကြားထဲ ရောနှောနေချိန်တွင် မည်သူမျှ ခွဲခြားသိရှိနိုင်မည်မဟုတ်။
သေခြင်း၏ အန္တရာယ်ကို ရင်ဆိုင်၍ပင် ဆေးမင်ကြောင်ထိုးရသည့် အကြောင်းရင်းတစ်ခုခု ရှိပေလိမ့်မည်။
‘ဓလေ့ထုံးတမ်းများလား။ ဓလေ့ထုံးတမ်းက ဘယ်လောက်ပဲ အရေးကြီပါစေ အသက်ထက်ပိုပြီး တန်ဖိုးရှိနိုင်ပါ့မလား။’
ထိုစဉ် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ အသက်ရှင်သန်ရေးအတွက် ရေးထိုးထားသော ဆေးမင်ကြောင် ဖြစ်ခဲ့မည်ဆိုပါလျှင်။
“အဲ့ဒီဆေးမင်ကြောင်က မှော်အင်းကွက်လား။”
ခေါင်းကို ဆက်လက်ငုံ့ထားသည့် မျိုးနွယ်စုဝင်က တုံ့ပြန်လာခြင်းမရှိပေ။
“အဲ့ဒီ မှော်အင်းကွက်က နင်တို့ရဲ့ လာ့ခ်ကို ရှောင်တိမ်းပြီး ထွက်ပြေးဖို့နည်းလမ်းလား။”
သိပ်မသိသာသော်လည်း မျိုးနွယ်စုဝင်၏ ပခုံးက ဆတ်ခနဲတွန့်သွားသည်။ သို့ရာတွင် ပို၍အံ့အားသင့်သွားသူများမှာ သူ့အား ချုပ်ထားကြသည့် စစ်သည်တော်များပင်။ သူတို့က ပြူးကျယ်နေသော မျက်လုံးများဖြင့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်အား အထက်အောက် စုန်ချည်ဆန်ချည် ကြည့်ရှုစစ်ဆေးကြလေတော့သည်။
~~~~
Miel's Translations