no

Font
Theme

အပိုင်း ၇၈

ခါဆယ်ရ်က ဘဏ္ဍာတိုက် ဖွင့်ပေးရန် အသာတကြည် ခွင့်ပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယခု ယူဂျင်းအား လျှို့ဝှက်ထားရန် လုံးဝမလိုတော့ပေ။

“အခုတော့ ငါ့မှာ ချက်ချင်း လုပ်ရမဲ့ကိစ္စတွေရှိနေလို့ နေ့လယ်ပိုင်းလောက်ဆိုရင်ရော ဘယ်လိုလဲ။”

“ဟုတ်ကဲ့။ ကောင်းပါတယ်။”

ယူဂျင်းက ဘဏ္ဍာတိုက်ကို အပြင်ဘက် တစ်နေရာရာတွင်ရှိသည်ဟုထင်ပြီး အပြင်ထွက်ရန် ပြင်ဆင်ထားခဲ့၏။ သို့ရာတွင် ချိန်းဆိုထားသည့်အချိန် ရောက်ခါနီးတော့ အပါးတော်မြဲအကြီးအမှူးက သူ့အခန်းကိုပဲ လာရောက်ခေါ်ဆောင်လေသည်။

ထိုနေ့ နေ့လယ်တွင် ခါဆယ်ရ်က ယူဂျင်းကို ဘဏ္ဍာတိုက်ဆီသို့ ခေါ်သွားခဲ့၏။

ယူဂျင်းက ခါဆယ်ရ်နှင့်အတူ မရင်းနှီးသော စင်္ကြံလမ်းတစ်ခုထဲ ဝင်လာသည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်လိုက်၏။

‘ဒီလိုနေရာမျိုးလည်း ရှိတာပဲလား။’

ရဲတိုက်အတွင်းပိုင်း ဖွဲ့စည်းပုံကို မှတ်မိအောင်လုပ်ရန် နေရာအနှံ့ လှည့်ပတ်ကြည့်ရှုခဲ့ပြီးပြီဟု တွေးထားခဲ့သဖြင့် မသိသောနေရာတစ်ခု ရှိနေလိမ့်မည်ဟု ထင်မထားမိခဲ့။ သို့သော် ပြန်တွေးကြည့်တော့ အစပိုင်းတွင် ယူဂျင်းကို ရံရွေတော်က လမ်းပြလုပ်ပေးခဲ့ခြင်းဖြစ်၏။ ရဲတိုက်က အင်မတန်ကျယ်ကာ အဆောက်အအုံပုံစံများက ဆင်တူနေသဖြင့် လမ်းမသိသူများအဖို့ လမ်းကြောင်းကို ကျွမ်းကျင်စွာ လှည့်လိုက်လျှင် ထူးဆန်းသည်ကို သတိထားမိမည်မဟုတ်ပေ။

ယူဂျင်းက သိလိုစိတ် ပြင်းပြလွန်း၍ ရဲတိုက်ကို လျှောက်လည်ရင်း ရှာဖွေစူးစမ်းခဲ့လျှင်တော့ မပြောတတ်။ သို့သော် ရဲတိုက်ဖွဲ့စည်းပုံကို သဘောပေါက်ပြီးနောက်ပိုင်းတွင် သူမှတ်မိသည့်လမ်းများအတိုင်းသာ သွားလာခဲ့၏။ တစ်ခါတလေ တစ်ယောက်တည်း သွားလာသည့်အခါ အမြဲသွားနေကျ နေရာကိုသာ သွားလိုက်ပြန်လိုက်လုပ်လေ့ရှိသည်။

စင်္ကြံလမ်းတွင်သာမက ဆက်သွယ်နေသော လှေကားများတွင်ပါ တော်ဝင်အစောင့်တပ်သားများ စောင့်ကြပ်နေကြ၏။

‘တင်းကြပ်လိုက်တာ။ ဒီစင်္ကြံလမ်းက ဘဏ္ဍာတိုက်ဆီ တိုက်ရိုက်သွားတဲ့ တစ်ခုတည်းသောလမ်း ဖြစ်မယ်ထင်တယ်။’

အဝိုင်းပုံစံ လှေကားအတိုင်း ဆင်းသွားတော့ မုခ်ဉီးပုံစံရှိသော ဧရာမတံခါးကြီးကို တွေ့လိုက်ရသည်။ တံခါးရှေ့တွင်လည်း တပ်သားများ ရှိနေ၏။

“တံခါးဖွင့်စမ်း။”

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”

တပ်သားတစ်ဦးက ဧရာမ သော့ခလောက်ကို ဖွင့်ကာ တုတ်ခိုင်သော သံကြိုးကို ဖြေလိုက်သည်။ တပ်သားနှစ်ဦးက တစ်ဖက်တစ်ချက်စီမှ တံခါးတစ်ချပ်စီကို ကိုင်ကာ ဆွဲဖွင့်လိုက်၏။ လေးလံသော ကျောက်တံခါးကြီးလည်း ဖြည်းညင်းစွာ ပွင့်လာသည်။ ‘မိန်းမအားနဲ့ဆိုရင် ဖွင့်လို့ရမှာမဟုတ်ဘူး’ ဟု ယူဂျင်း စဉ်းစားလိုက်ချိန်မှာပင် တံခါးပွင့်လာသည့် မြင်ကွင်းပေါ်တွင် မှတ်ဉာဏ်တစ်ခု ထပ်သွား၏။

ယခု မျက်စိနှင့် မြင်နေရသော မြင်ကွင်းက ဘယ်အရာလဲ၊ ဂျင်၏ အတိတ်က မှတ်ဉာဏ်က ဘယ်အရာလဲဆိုသည်ကို ခွဲခြား၍မရနိုင်လောက်အောင် တူညီသော မြင်ကွင်းပင်။

ဤကျောက်တံခါး ပွင့်သွားချိန်တွင် ဂျင် ဘယ်လိုခံစားခဲ့ရမလဲ၊ ဘာတွေ စဉ်းစားခဲ့မလဲ။

ယူဂျင်းက မှတ်ဉာဏ်မှတစ်ဆင့် ဂျင်၏ ခံစားချက်နှင့် အတွေးတို့ကို မသိရခြင်းက ပိုကောင်းသည်ဟု တွေးမိသော်လည်း တစ်ချိန်တည်းမှာပင် နည်းနည်းတော့ နှမြောမိ၏။

“တစ်ယောက်တည်း ဝင်မလို့လား။”

“မဝင်ပါဘူး။ အတူတူ သွားကြတာပေါ့။ အရှင်မင်းကြီးကို မေးစရာတွေ ရှိလာနိုင်တယ်ထင်လို့ပါ။”

ဘဏ္ဍာတိုက်ထဲ ဝင်သွားပြီး မှတ်ဉာဏ်များ ပေါ်မလာလျှင် ဘုရင်မင်းမြတ်၏ အကူအညီကို လိုအပ်ပေမည်။

နှစ်ယောက်သား အထဲသို့ ဝင်သွားလိုက်ကြ၏။ မျက်စိရှေ့တွင် ကျယ်ဝန်းသော စင်္ကြံလမ်းက ဖြောင့်ဖြူးရှည်လျားစွာ ဖြန့်ကြက်လျက်။ စင်္ကြံလမ်းကို ဗဟိုပြုကာ ဘေးနှစ်ဖက်တွင် တံခါးများ တပ်ထားသဖြင့် အခြားအခန်းဆီသို့ ဝင်ရောက်နိုင်သောပုံစံမျိုးဖြစ်နေသည်။

ယူဂျင်းက ရှေ့တည့်တည့်ကိုသာကြည့်ရင်း ဆက်လျှောက်သွား၏။ မှတ်ဉာဏ်ထဲမှ မြင်ကွင်းများ ပေါ်မလာသော်လည်း ရှေ့တည့်တည့်သွားသည့် လမ်းကြောင်းကိုတော့ ရင်းနှီးကျွမ်းဝင်နေသလို ခံစားနေမိသည်။ ဆွဲငင်အားတစ်ခုက ဆွဲခေါ်နေသည့်အလား အရှိန်မြန်မြန် လျှောက်နေသော ယူဂျင်း၏ဘေးမှ ခါဆယ်ရ်ကလည်း ခြေလှမ်းညီစွာ လျှောက်လာ၏။

စင်္ကြံလမ်း၏ အဆုံးနားတွင်ရှိသော တံခါးရှေ့တွင် ယူဂျင်းက ခြေလှမ်းကို ရပ်လိုက်သည်။ သူက ပိတ်ထားသော တံခါးကို လက်ဖြင့်ထိလိုက်သည်နှင့် မြင်ရသည့် မြင်ကွင်းကို ပြန်လည်ပုံဖော်သည့်အလား ချက်ချင်းပင် တံခါးကို ဖွင့်လိုက်၏။

တံခါးဖွင့်ပြီး ဝင်သွားသည့် တိုတောင်းလှသော မြင်ကွင်းမှတ်ဉာဏ်က ယူဂျင်း အတွင်းသို့ အပြည့်အဝ ဝင်ရောက်သွားခြင်းနှင့် ပြီးဆုံးသွားသည်။ ကျယ်ဝန်းသော အခန်းက အနည်းငယ် မှောင်ရိပ်ကျနေကာ မျက်နှာကြက်က မြင့်မား​လှ၏။

ယူဂျင်းလည်း ဖြည်းဖြည်းချင်း ဘေးပတ်လည်ကို လှည့်ပတ်အကဲခတ်ရင်း လျှောက်ဝင်သွားသည်။ ရုပ်တုများကို တွေ့ရပြီး စာရေးထိုးထားသည့် ကျောက်ပြားများလည်း ရှိနေကာ သားရဲ၏ဦးချိုဟု ယူဆရသော ကြီးမားသည့် ဦးချိုကြီးများလည်း ရှိနေ၏။

လူနှစ်ဦးဖြတ်သွားနိုင်သော အကျယ်အဝန်းရှိသည့် လမ်းကြားကို ချန်ထားကာ ဘေးနှစ်ဖက်တွင် ရတနာများကို ခင်းကျင်းပြသထားသည်။ လမ်းကြားနှင့် ရတနာများကြားတွင် စည်းရိုးမရှိသလို၊ အကာအကွယ်အဖုံးလည်း မရှိသဖြင့် လက်လှမ်းလိုက်ရုံနှင့် ထိတွေ့ကိုင်တွယ်၍ရနေ၏။

ဤနေရာက ပစ္စည်းများကို စည်းစနစ်တကျ သိမ်းဆည်းထားခြင်းမရှိသည့် ရှေးဟောင်းပစ္စည်း ဂိုဒေါင်တစ်ခုလို ဖြစ်နေသည်။ တရားလွန် တန်ဖိုးကြီးပုံမရသော်လည်း သမိုင်းဝင်အမွေအနှစ်များဖြစ်မည်ဟု ယူဆရ၏။

စိတ်ဝင်တစား ကြည့်ရှုနေသော ယူဂျင်း၏ခြေလှမ်းများ ရပ်တန့်သွားတော့သည်။

‘ဘယ်မှာပါလိမ့်။’

ဂျင်၏ အသံကို ကြားလိုက်ရပြီးနောက် မှတ်ဉာဏ်က ထပ်ပေါ်လာသည်။

‘ကျိန်းသေပေါက် ရှိရမှာကို။ ရှိမှကိုဖြစ်မှာ။’

ယူဂျင်းက မှတ်ဉာဏ်ထဲတွင် ပေါ်နေသော ဂျင်၏ အကြည့်အတိုင်းလိုက်ကာ လှုပ်ရှားလိုက်သည်။ ဘေးနားမှ ခါဆယ်ရ်၏ မျက်လုံးထဲတွင်တော့ သူက ရှေးဟောင်းပစ္စည်းများကို လှည့်ပတ်ကြည့်ရှုနေသလို ထင်ရသော်လည်း မှတ်ဉာဏ်ကိုသာ စိုက်ကြည့်နေသည့် သူ၏ အကြည့်ကတော့ ခပ်လှမ်းလှမ်းတွင် စူးစိုက်နေ၏။

ဂျင် ခြေလှမ်းရပ်လိုက်သည့်နေရာတွင် ယူဂျင်း၏ ခြေလှမ်းသည်လည်း ရပ်တန့်သွားသည်။ မဲနက်ပြီး လုံးဝန်းသည့် ဥလိုအရာကို ဆုပ်ကိုင်ထား​သော လက်ပုံစံ ပန်းပုရုပ်ဆီသို့ ဂျင်၏ အကြည့်က စူးစိုက်သွား၏။

‘ဒီမှာ ရှိနေတာကိုး။ ရှိနေတယ်။ ထင်တဲ့အတိုင်းပဲ။’

ဂျင်၏ အသံက တုန်ယင်နေသည်။ အင်မတန် စိတ်လှုပ်ရှားနေသော ဂျင်၏ခံစားချက်ကို ယူဂျင်း ခံစားလိုက်ရ၏။ ဤအတောအတွင်း တစ်ပိုင်းတစ်စ ပေါ်လာသော မှတ်ဉာဏ်များမှတစ်ဆင့် ဂျင်၏ အသံကို အကြိမ်ကြိမ် ကြားဖူးသော်လည်း ဤကဲ့သို့ ပြင်းထန်သော ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေသည့်အသံကတော့ ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။

‘တွေ့ပြီ။ တွေ့ပြီ။’

ဂျင်က တဟီးဟီး အသံထွက်ရယ်ခဲ့သည်။ ရင်ထဲမှ ပြည့်လျှံနေသော ဝမ်းသာမှုအပြည့်နှင့် အရူးတစ်ပိုင်း ရယ်မောနေသောရယ်သံပင်။

မှတ်ဉာဏ်ပြီးဆုံးသွားတော့ ယူဂျင်း မြင်နေရသော မြင်ကွင်းက အနည်းငယ် ပြောင်းလဲသွားသည်။ လက်သဏ္ဌာန် ပန်းပုက ဗလာကျင်းနေ၏။ မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသော ဘာမှန်းမသိရသည့် ဥပုံသဏ္ဌာန်အရာဝတ္ထု ရှိမနေတော့။

‘ဒါကိုး။’

ဂျင် ခိုးပြီး ကန္တာရထဲသို့ ယူသွားခဲ့သည့်အရာ။

ယူဂျင်းက ခေါင်းလှည့်ပြီး ခါဆယ်ရ်ကို မေးလိုက်သည်။

“ဒါက ပျောက်သွားတဲ့ ပစ္စည်းပေါ့နော်။”

“မှတ်ဉာဏ် ပြန်ရလာပြီလား။”

“အရင်ကလည်း ပြောခဲ့ဖူးသလိုပဲ ပြန်ရလာတဲ့ မှတ်ဉာဏ်က တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ ဒီနေရာက ပစ္စည်းကို ကျွန်မက အရမ်းစိတ်ဝင်စားခဲ့ပုံရပေမဲ့ ဘယ်အချိန်က ယူသွားတယ်၊ ဘာကြောင့် ယူသွားတယ်ဆိုတာကိုတော့ မသိပါဘူး။ ဒီမှာရှိခဲ့တဲ့ ပစ္စည်းက ဘာလဲရှင့်။”

“မျိုးစေ့။”

“လာ့ခ်မျိုးစေ့လားဟင်။ အဲ့ဒီလောက် ကြီးတာလား။”

“ငါလည်း အဲ့ဒါကို မျိုးစေ့ အတိအကျ ဟုတ်လား၊ မဟုတ်လား သေချာမသိဘူး။”

ခါဆယ်ရ်က နိုင်ငံ့ရတနာအကြောင်း ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သော ဇာတ်လမ်းကို ပြန်ပြောပြခဲ့သည်။

ရှေးရှေးတုန်းက အင်မတန်ကြီးမားသော ဧရာမ လာ့ခ်ငှက်ကြီးတစ်ကောင် ရဲတိုက်ကို ကျူးကျော်ဝင်ရောက်ခဲ့ဖူး၏။ မှတ်ဉာဏ်များအရ ထိုအချိန်က ထိုသို့သော အဖြစ်အပျက်များ မကြာခဏ ဖြစ်လေ့ရှိသည်။ ကန္တာရနှင့် ထိစပ်နေသော ရဲတိုက်မြို့ရိုးကို မဆောက်ရသေးခင် ရဲတိုက်က ကန္တာရနှင့် တိုက်ရိုက်ထိစပ်နေသလို ဖြစ်နေသောကြောင့်ပင်။

ထိုစဉ်က ကျူးကျော်ဝင်ရောက်ခဲ့သော လာ့ခ်ငှက်၏ အရွယ်အစားက ရဲတိုက်ကို လွှမ်းမိုးသွားနိုင်လောက်အောင် ကြီးမားသည်ဟု ပြောစမှတ်ရှိခဲ့သော်လည်း ခါဆယ်ရ်ကတော့ ထိုဇာတ်လမ်းကို ချဲ့ကားထားခြင်းဖြစ်လျှင်ဖြစ် မဟုတ်လျှင် ထိုခေတ်၏ ဘုရင်က အင်မတန် ကံကောင်းခဲ့သည်ဟု ယူဆ၏။ ထိုမျှကြီးသော လာ့ခ်ကို လူသားများက မည်သို့မျှ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

“အဲ့ဒါက အဲ့ဒီခေတ်အခါရဲ့ အောင်ပွဲခံသားကောင်လိုပဲပေါ့။”

“လာ့ခ်ကို အမဲလိုက်ပြီးသွားရင် သားကောင် ကျန်သေးလို့လားရှင့်။ ကျွန်မ သိထားသလောက်ဆိုရင်...”

“ပျောက်ကွယ်သွားတာလေ။ ခြေရာလက်ရာ အစအနမကျန်အောင် ပျောက်ကွယ်သွားတာ။ အဲ့ဒါကြောင့် ဒါက တကယ်ပဲ မျိုးစေ့ ဟုတ်လား၊ မဟုတ်လား ငါလည်း မသိဘူးလို့ ပြောခဲ့တာပေါ့။”

ယူဂျင်းက လက်ပုံစံ ပန်းပုရုပ်ကို စိုက်ကြည့်ရင်း အာရုံစူးစိုက်လိုက်သည်။ နောက်ထပ် မှတ်ဉာဏ်များ ထပ်ပေါ်လာစေရန် မျှော်လင့်ခဲ့သော်လည်း ဘာမှမခံစားရပေ။

“တကယ်လို့သာ မျိုးစေ့ဖြစ်နေမယ်ဆိုရင်။”

ယူဂျင်းက သူ့ထံသို့ အကြည့်ကိုလှည့်လိုက်သည်။

“ဖြစ်နိုင်တဲ့ ယူဆချက်တစ်ခုတော့ ရှိတယ်။ လာ့ခ်ရဲ့ ဗဟိုချက်ကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ သူ့ရဲ့ လှုပ်ရှားမှုဖြစ်စဉ်က ပြီးဆုံးသွားတာ မဖြစ်နိုင်ဘူးလား။”

“ပျောက်ကွယ်မသွားခင် မျိုးစေ့ဖြစ်သွားလိုက်တာပေါ့နော်။”

“နောက်ပြီး အမည်းရောင်ဖြစ်နေတာက သွေးစွန်းပြီး အရောင်ပြောင်းသွားတာတဲ့။ မျိုးစေ့အလွတ်ဆိုတဲ့ သဘောပေါ့။ ဗဟိုချက် ဖျက်ဆီးခံလိုက်ရပြီဆိုရင် မျိုးစေ့အလွတ် ဖြစ်နေတာကလည်း ရှေ့နောက် ကိုက်ညီမှုရှိတယ်။”

“မျိုးစေ့အလွတ်…”

ခဏလေးအတွင်းမှာပင် ယူဂျင်းတစ်ယောက် မှတ်ဉာဏ်များမှတစ်ဆင့် အချက်အလက် အတော်များများကို ရရှိလိုက်သည်။ ဂျင် ဘဏ္ဍာတိုက်ထဲ ဝင်လာရသည့် အကြောင်းရင်းက ထိုမျိုးစေ့ကို ရှာဖွေရန်ပင်။ ဂျင် ရှေးဟောင်းစာအုပ်များ စုဆောင်းခဲ့သော ရည်ရွယ်ချက်နှင့်လည်း ဆက်စပ်နေမည်မှာ သေချာ၏။

“ဒီမျိုးစေ့က လူသိများတဲ့ ရတနာလားဟင်။”

ဂျင်က ထိုမျိုးစေ့ကို လာရှာရန် ဘဏ္ဍာတိုက်ထဲ ဝင်လာခဲ့သော်လည်း ထိုအရာကို ဤနေရာတွင် အမှန်တကယ် သိမ်းဆည်းထားခြင်း ဟုတ်၊ မဟုတ်တော့ ယုံကြည်မှုမရှိပုံပင်။ တစ်နေရာရာမှ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ကို ရရှိခဲ့လောက်ပေသည်။

“ပြည်သူလူထုကို ချပြဖူးတာမျိုးမရှိတော့ သိတဲ့သူ တော်တော်လေးနည်းတယ်။”

“တော်တော်လေးနည်းတယ်ဆိုတာက သိတဲ့သူ တစ်ယောက်ယောက်တော့ ရှိတယ်ဆိုတဲ့ သဘောပေါ့နော်။ ဘယ်သူတွေက ထပ်သိနေသေးလဲဟင်။”

“ပုံမှန် စီမံကွပ်ကဲဖို့အတွက် လူအဝင်အထွက် ရှိတယ်လေ။ အဲ့ဒီအခါ မြင်ဖူးတဲ့သူတွေ ရှိနေမှာပေါ့။”

“ဘုရင့်တိုင်းပြည်က နိုင်ငံသားမဟုတ်ဘဲ တခြားတိုင်းပြည်၊ အထူးသဖြင့် အထွတ်အမြတ်မြို့တော်က လူတွေထဲမှာရော ရှိသေးလားရှင့်။”

ခါဆယ်ရ် အတွေးထဲမျောသွားသည်။ ပထမဆုံး အတွေးထဲပေါ်လာ သူက ‘ထိုမိန်းမ’ ပင်။ သူ့အား မွေးဖွားပေးခဲ့သည့် မွေးသမိခင်။ ထိုမိန်းမ ရဲတိုက်တွင် နေခဲ့စဉ်က ဘဏ္ဍာတိုက်ထဲ ဝင်ကြည့်ဖူးမည်မှာ သေချာပေသည်။

သူက မသက်မသာစိတ်ဖြင့် အခြားဘယ်သူတွေ သိနိုင်ဉီးမလဲဟု ရှာဖွေကြည့်လိုက်၏။ နောက်ဆုံးတွင် သတိရလိုက်မိသူတစ်ဉီး ပေါ်လာသည်။

“ဆန်းဂျယ်ဆိုရင်တော့…”

ယူဂျင်း ရင်ထဲတွင် တဒိတ်ဒိတ်ခုန်သွားသည်။ ဂျင်က ဆန်းဂျယ်ထံမှ ကြားခဲ့ရသော သတင်းအချက်အလက်ဆိုလျှင်တော့ ယုံကြည်စိတ်ချ၍ရသည်ဟု တွေးခဲ့လောက်၏။

“ဆန်းဂျယ်က တိုင်းပြည်တိုင်းရဲ့ ရတနာတွေကို အကုန်သိနေတာလားရှင့်။”

“အားလုံးတော့ မဟုတ်ပေမဲ့ ဒီမျိုးစေ့ကတော့ သမိုင်းဝင် အဖြစ်အပျက်ကြောင့် ဖြစ်လာတဲ့ ပစ္စည်းလေ။ အဲ့ဒီခေတ်အခါက ဆန်းဂျယ်ကို အစီရင်ခံတင်ပြခဲ့မှာပဲဆိုတော့ အဲ့ဒီခေတ်က မှတ်တမ်းမှာ ကျန်နေခဲ့ရင် အထွတ်အမြတ်မြို့တော်က နန်းတော်မှာ အဲ့ဒီမှတ်တမ်း အခုအချိန်အထိ ကျန်နေပြီး လက်ဆင့်ကမ်းနိုင်ခြေ မြင့်တာပေါ့။”

ယူဂျင်း ခေါင်းညိတ်လိုက်သည်။ သို့ရာတွင် ဘုရင့်တိုင်းပြည်၏ ဘဏ္ဍာတိုက်ထဲမှ မျိုးစေ့အကြောင်း အချက်အလက်ကို ဆန်းဂျယ်က ဂျင်ထံသို့ ကိုယ်တိုင်ပေးခဲ့သည်ဟူ၍တော့ အတိအကျ ကောက်ချက်ချ၍မရပေ။ လျှို့ဝှက် စာကြည့်တိုက်တွင် မှတ်တမ်းတစ်ခုခု ရှိနေသည်ကို ဂျင်က မတော်တဆ တွေ့သွားခြင်း ဖြစ်နိုင်၏။ သတင်းအချက်အလက်၏ ရင်းမြစ်ကို ဖြေရှင်းနိုင်သည်ပဲထားဦး အခြား မေးခွန်းများကတော့ ကျန်ရှိနေဆဲပင်။

‘ဧကန္တ... ဒီမျိုးစေ့ကြောင့် ဂျင်က မရဏဘုရင်နဲ့ လက်ထပ်ခဲ့တာလား။’

မဆီမဆိုင် မဖြစ်နိုင်ဟု ယူဆ၍မရသော်လည်း အင်မတန် လွန်ကဲသည့် ထင်မြင်ယူဆချက်တော့ မဟုတ်ပြန်ပေ။ ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်နှင့်သာ ဖွင့်၍ရသော ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် သိမ်းဆည်းထားသော ပစ္စည်းတစ်ခုကို ခိုးထုတ်ရန်ဆိုလျှင် ထိုနေရာသို့ ချဉ်းကပ်ခွင့်ရှိမည့် အရည်အချင်းရှိရပေမည်။

‘ပြီးတော့ ဂျင်က အဲ့ဒီပစ္စည်း ရှိကို ရှိရမယ်လို့လည်း ယုံကြည်ခဲ့တာမဟုတ်ဘူး။ တကယ်လို့ မရှိခဲ့ရင် ဘယ်လိုလုပ်မလဲ။’

ယူဂျင်းက ဂျင်၏ ဆင်ခြင်တုံတရားကင်းမဲ့သော ကြိုးပမ်းမှုကို လုံးဝနားမလည်နိုင် ဖြစ်နေသည်။

‘တကယ်ပဲ ဒီမျိုးစေ့က ဘာများလဲ။’

“အရှင်မင်းကြီး။ ဒီမျိုးစေ့ရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲရှင့်။”

“လက်တွေ့ အသုံးဝင်မှုကို မေးတာဆိုရင်တော့ ငါလည်း မသိဘူး။ ဒါပေမဲ့ နိုင်ငံ့ရတနာဆိုတော့ အရေးပါတာ သေချာတယ်။”

“နိုင်ငံ့ရတနာတဲ့လား။”

ယူဂျင်း တုန်လှုပ်သွားတော့သည်။ သာမန် ရှေးဟောင်းပစ္စည်းတစ်ခုဟုသာ ထင်ခဲ့သော်လည်း ယခုတော့ ယူဂျင်းတစ်ယောက် ခေါင်းထဲတွင် ချာချာလည်အောင် မူးဝေသွားရ၏။

“အခု နိုင်ငံ့ရတနာ ပျောက်နေတယ်လို့ ပြောနေတာလားဟင်။ ကျွန်မကိုတော့ အဲ့ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလို နေမယ်ဆိုပြီး ပြောခဲ့တယ်မဟုတ်လားရှင့်။”

“လူသိများတဲ့ နိုင်ငံ့ရတနာမဟုတ်သလို အမှတ်သင်္ကေတအနေနဲ့ အမည်ခံတန်ဖိုးပဲရှိတဲ့ နိုင်ငံ့ရတနာဆိုတော့ ပြန်ပြီးထိန်းချုပ်လို့ရတယ်။”

“တကယ် တောင်းပန်ပါတယ်၊ အရှင်မင်းကြီး။”

ဂျင် ထိုအရာကို ခိုးယူသွားခဲ့စဉ်က မှတ်ဉာဏ်မရှိသော်လည်း၊ အခြေအနေအရ သူခိုးက ဂျင်သာ ဖြစ်မည်မှာ သေချာ၏။ မှတ်ဉာဏ်များ မြင်လာရလျှင်ပင် ထိုနိုင်ငံ့ရတနာကို ပြန်ရနိုင်ခြေက အလွန်နည်းမည့်ပုံပင်။ ဝတ်ကျေတမ်းကျေ မှတ်ဉာဏ်ကို ဆက်ဆက်ရှာဖွေပြီး နိုင်ငံ့ရတနာကို ပြန်ထားပေးပါ့မည်ဟုပင် မပြောနိုင်ခဲ့။

ခါဆယ်ရ်က မျက်နှာငယ်လေးနှင့် မှိုင်တွေနေသည့် ယူဂျင်းကိုကြည့်ပြီး ခပ်ပေါ့ပေါ့ ရယ်လိုက်သည်။ ယူဂျင်း၏ လုပ်ရပ်မဟုတ်ဘဲ လုံးဝကွဲပြားသူတစ်ယောက်၏ လုပ်ရပ်ဖြစ်နေသလို ထင်ရသဖြင့် တစ်ဖက်ကလည်း သူ့စိတ်ထဲတွင် ထူးဆန်းနေ၏။

နိုင်ငံ့ရတနာထားရာ အခန်းမှ ထွက်လာပြီး စင်္ကြန်လမ်းတွင် လျှောက်နေစဉ် ယူဂျင်းက မေးလိုက်သည်။

“ဒါဆို အရင်တစ်ခါ ပြောခဲ့တဲ့ လည်ဆွဲကရော စိတ်ကူးယဉ် ရတနာလားဟင်။”

“ဟင့်အင်း။ တကယ် ရှိတယ်။”

“ဘဏ္ဍာတိုက်ထဲမှာလားရှင့်။”

ယူဂျင်း၏အသံက မြင့်တက်သွား၏။ ပြင်းထန်သော တုံ့ပြန်မှုကို အံ့ဩမိရင်း ခါဆယ်ရ်က ပြောလိုက်သည်။

“ရှိတာပေါ့။ အဲ့ဒီတုန်းက မင်းကို ပြောခဲ့တဲ့ စကားတွေအားလုံး အမှန်တွေချည်းပဲ။ မင်း ယူသွားတယ်ဆိုတဲ့ အချက်ကလွဲရင်။”

“ကြည့်လို့ရမလားဟင်။”

ခါဆယ်ရ်က ယူဂျင်းကို လည်ဆွဲ သိမ်းဆည်းထားသည့် အခန်းဆီ ခေါ်သွားခဲ့သည်။ ထိုအခန်းက လည်ဆွဲအပြင် အခြားအမျိုးမျိုးသော အဆင်တန်ဆာ ရတနာများကို စုစည်းထားရာနေရာပင်။

အခန်းထဲ ဝင်လိုက်သည်နှင့် ယူဂျင်းတစ်ယောက် တောက်ပနေသော ကျောက်မျက်ရတနာများ၏ အလှကြောင့် သတိလစ်မတတ် ဖြစ်သွားရ၏။ လက်စွပ်၊ နားဆွဲ၊ လည်ဆွဲ၊ လက်ကောက်၊ သရဖူ အစရှိသည်တို့အပါအဝင် လူကို အလှဆင်ရာတွင် အသုံးပြုသည့် အဆင်တန်ဆာ ပုံစံအမျိုးမျိုး ဤအခန်းထဲတွင် အပြည့်ရှိနေသည်။

ဘာမှ မသိနားမလည်သော ယူဂျင်း၏ မျက်လုံးထဲ၌ပင် ဤပစ္စည်းများ၏ အရည်အသွေးက သာမန်မဟုတ်ပေ။ လက်မှုပစ္စည်းများက အနုပညာလက်ရာနှင့်တူကာ အရောင်အသွေးစုံလင်စွာ တောက်ပနေသော ကျောက်မျက်ရတနာများက ကာရက်ကိုပင် ပြောဆိုနေရန် မလိုအပ်လောက်အောင် ကြီးမားကြ၏။

ခါဆယ်ရ် ပြောခဲ့သည့် စကားထဲတွင်ပါသော လည်ပင်းတစ်ခုလုံးကို ဖုံးအုပ်လုနီးပါးရှိသည့် စိန်လည်ဆွဲကို ကြည့်ရင်း ယူဂျင်းတစ်ယောက် ချီးမွမ်းစကားပင် မပြောနိုင်တော့။

ယူဂျင်းက အရောင်တောက်တောက်များကို သဘောကျသည်။ မဟာသို့ မရောက်ခင် ဘဝမှာ ချောင်လည်မှုမရှိ၍ လမ်းဘေးဆိုင်မှ ဈေးပေါပေါ နားဆွဲများ ဝယ်ယူခြင်းဖြင့်သာ ကျေနပ်ခဲ့ရ၏။

ကြုံတွေ့ခဲ့ရသည့် လက်တွေ့ဘဝကြောင့် လျစ်လျူရှုထားခဲ့ရသော ဝါသနာကို မဟာသို့ ရောက်လာတော့ ဖြည့်ဆည်းနိုင်ခဲ့လေသည်။ ဂုဏ်သိက္ခာ ထိန်းသိမ်းရန်အတွက် စီစဉ်ပေးထားသော အဆင်တန်ဆာများက သူ့မှန်တင်ခုံ အံဆွဲထဲရှိ ရတနာဘူးထဲတွင် အပြည့်ပင်။ ယင်းတို့အနက်မှ လည်ဆွဲများကို တစ်နေ့တစ်မျိုး ပြောင်းလဲဆင်မြန်းရခြင်းက သူ၏ သေးငယ်သော ပျော်ရွှင်မှုလေးဖြစ်ခဲ့၏။

သို့ရာတွင် တန်ဖိုးကြီးသည်ဟု ထင်ရသော ရတနာဘူးထဲမှ ပစ္စည်းများက ဤအခန်းထဲရှိ ပစ္စည်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် အရုပ်သာသာဖြစ်နေလေသည်။

“လက်ထပ်ပွဲဖြစ်ဖြစ်၊ ဘိသိတ်ခံနန်းတက်ပွဲမှာဖြစ်ဖြစ် ဆင်မြန်းတယ်လို့ ပြောခဲ့တယ်မဟုတ်လားရှင့်။ ဒါဆို ကျွန်မမှာ ဒီလည်ဆွဲကို ဆင်မြန်းကြည့်ဖို့ အခွင့်အရေး မရှိတော့ဘူးလားဟင်။”

“လတ်တလောတော့ ပွဲလမ်းသဘင် ကြီးကြီးမားမားမရှိသေးဘူး။”

“...အဲ့ဒီလိုကိုး။ ဟူး။ တကယ် လှလိုက်တာ။”

နှစ်သက်မက်မောမှုအပြည့်နှင့် လည်ဆွဲကို ကြည့်နေသော ယူဂျင်း၏ မျက်နှာတွင် အံ့သြချီးကျူးမှုအပြည့်ပင်။ ခါဆယ်ရ်တစ်ယောက် ယခင်က မမြင်ဖူးသော ယူဂျင်း၏ပုံစံအသစ်ကို ဆန်းသစ်သည်ဟု တွေးမိ၏။

အတိတ်မှ မိဖုရားက ကျောက်မျက်ရတနာများကို သိပ်စိတ်မဝင်စားပေ။ ကျောက်မျက်ရတနာများကို ကြိုက်နှစ်သက်သည်ဆိုလျှင် ရှေးဟောင်းစာအုပ်များအစား ကျောက်မျက်ရတနာများသာ ဝယ်ခဲ့ပေလိမ့်မည်။ ဘဏ္ဍာတိုက်ကို ထိုမျှလောက် ဝင်ထွက်ခဲ့​သော်လည်း တန်ဖိုးကြီးကျောက်မျက်ရတနာများကိုမထိဘဲ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် နိုင်ငံ့ရတနာကိုသာ ယူသွားခဲ့၏။

ခါဆယ်ရ်လည်း ‘ယူဂျင်းက ကျောက်မျက်ရတနာတွေကို ကြိုက်တယ်’ ဟု ခေါင်းထဲတွင် မှတ်ထားလိုက်တော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment