အပိုင်း ၄၉
ဤကမ္ဘာကို ဝတ္ထုတစ်ပုဒ်ဟု ယုံကြည်ထားသဖြင့် ယူဂျင်းက အနာဂတ်ကို မကြောက်ခဲ့။ သူက ဗီလိန်ဇာတ်ကောင်ဖြစ်သော်လည်း ဆိုးယုတ်သည့်လုပ်ရပ်များ မလုပ်လျှင် အပြစ်ပေးခံရမည်မဟုတ်ဟူသော စည်းမျဉ်းကို ယုံကြည်ထားသဖြင့် အကောင်းမြင်စိတ် ရှိနေခဲ့၏။
သို့သော် ဤအဖြစ်အပျက်များက လက်တွေ့ဖြစ်လာချိန်တွင် ရှေ့လျှောက် ဘာဖြစ်လာမည်ကို မမြင်နိုင်တော့ပေ။
သို့သော် ဤအတိုင်းအတာလောက် ခြားနားချက်မျိုးကိုတော့ ကိုယ့်ကိုယ်ကိုယ် သေချာထိန်းနိုင်လျှင် ကျော်လွှားနိုင်ပေမည်။
‘ငါ့ဘဝမှာ လွယ်ကူတဲ့အရာဆိုတာ တစ်ခုတောင်ရှိခဲ့ဖူးလို့လား’ ဟု တွေးလိုက်လျှင်ရပေပြီ။ အနည်းဆုံးတော့ မဟာတွင် သူ့ကို အမိမဖမ်းရ မနေနိုင်ဖြစ်နေသည့် စိတ်ရှုပ်စရာလူများမရှိပေ။
မဟာဟူသော ကမ္ဘာမှဘဝက ယူဂျင်းအတွက် ယခုအထိလည်း အဖိုးတန်နေဆဲပင်။ သူ့ကို ပေးထားသည့်အရာများ အများအပြားရှိ၏။
ယူဂျင်း နားမလည်နိုင်ဖြစ်နေရသည်က အခြားအရာတစ်ခုပင်။
‘တကယ်ပဲ… ငါ ဘယ်သူလဲ။’
သူ၏ ဖြစ်တည်မှုသရုပ်မှန်က လေထဲတွင် မျောလွင့်ပျောက်ဆုံးသွား၏။
ခန္ဓာကိုယ်က ဂျင်၏ဟာ၊ စိတ်ဝိညာဉ်က ယူဂျင်း၏ဟာ။
လက်တွေ့ဘဝဆိုလျှင် ဇာတ်လမ်းထဲမှ စိတ်ကူးစိတ်သန်းများကို လက်တွေ့နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ရပေမည်။ ရုပ်ရှင်များထဲတွင် နာကျင်မှုများ ခံစားပြီးလျှင် အင်အားကြီးလာသည်ဟူသော ဇာတ်လိုက်၏ စွမ်းအားက လက်တွေ့တွင် မဖြစ်နိုင်သလို၊ အခြားလူတစ်ယောက်၏ ဝိညာဉ်က မူရင်းပိုင်ရှင်၏ ဝိညာဉ်ကို ဖယ်ရှားကာ ခန္ဓာကိုယ်တွင် နေရာယူခြင်းက မဖြစ်နိုင်ပေ။
ယခု ရှုပ်ထွေးလာပေပြီ။ နဂို ‘ယူဂျင်း’ နှင့် လုံးဝမတူသော ‘ဂျင်’ ဟူသည့်လူတစ်ယောက် တကယ်ရှိခဲ့ဖူးခြင်းလား။
‘လူတစ်ကိုယ် စိတ်နှစ်မျိုး ဖြစ်နေတာများလား...’
ဝိညာဉ်လဲသွားခြင်း နဂိုကတည်းက မရှိခဲ့ဘဲ ‘ယူဂျင်း’ ဆိုသည့် လူက စိတ်ကူးယဉ်ပြီး ဖန်တီးထားသော စိတ်ကူးထဲမှလူတစ်ယောက်များ ဖြစ်နေလေမလား။
အချက်အလက်အချို့ကို ဝတ္ထုထဲက အကြောင်းအရာ မဟုတ်ဘူးဟု တွေးခဲ့မိခြင်းမှာ သူက တကယ်တမ်းတော့ ဤကမ္ဘာတွင် မွေးဖွားကြီးပြင်းလာသူတစ်ယောက် ဖြစ်နေ၍များလား။
မမြင်ရသည့် ကြောက်ရွံ့မှုတစ်မျိုးက သူ့ကို ဖြည်းဖြည်းချင်း ဖိနှိပ်လာသဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်မိသည်။ အသက်ရှူသံကလည်း ပို၍မြန်လာ၏။ နားရွက်က ဆံပင်များကြားပျောက်နေသည့် သူ၏ ဖြူဖပ်ဖြူရော် မျက်နှာကလည်း နာကျင်စွာ မဲ့သွားခဲ့သည်။
“အား”
ယူဂျင်းက အော်ဟစ်ပြီး ခေါင်းပြန်ထောင်လိုက်သည်။
‘ဆန်းဂျယ်။’
အနည်းဆုံးတော့ တစ်ယောက်ရှိသည်။ သူ့ မေးခွန်းများကို ဖြေရှင်းပေးနိုင်မည့်သူရှိ၏။
ဤကမ္ဘာက သူ့ဝတ္ထုထဲမှကမ္ဘာ မဟုတ်ဘူးဆိုလျှင်တောင် ယူဂျင်း သတ်မှတ်ထားသည့် အချက်အလက်များနှင့် အများစုက ကိုက်ညီနေသည်။ တကယ်တမ်းလည်း လာ့ခ်ဟုခေါ်သည့် မိစ္ဆာများရှိ၏။ ဘုရင်တွင်လည်း မျက်လုံးဖြင့်မြင်နိုင်သည့် သဘာဝလွန်စွမ်းအားများ ရှိနေသည်။
သို့ဆိုလျှင် ဆန်းဂျယ်၏ သရုပ်မှန်ကလည်း ယူဂျင်း သိထားသည့်အတိုင်းရှိရန် ဖြစ်နိုင်ခြေများ၏။
မဟာဟူသော ကမ္ဘာမှ ဆန်းဂျယ်ကို သာမန် ဘုရားကိုးကွယ်သူ ဘုန်းတော်ကြီးအဖြစ် သတ်မှတ်၍မရပေ။ ဘုရားသခင်ကို ဆင့်ခေါ်ပြီး ဘုရားသခင်၏ စကားကို ပြောပေးနိုင်သည့် သူတော်စင်ပင်။ ဤသည်ကား မဟာဟူသော ကမ္ဘာတွင် အများသိသည့် အချက်အလက်ဖြစ်၏။
သို့သော် ယူဂျင်းက ဖုံးကွယ်ထားသည့် အမှန်တရားကို သိနေသည်။ ဆန်းဂျယ်က လူမဟုတ်။ ကမ္ဘာမြေမှ အသုံးအနှုန်းအတိုင်း ရှင်းပြရမည်ဆိုလျှင် ကောင်းကင်တမန်တော်နှင့် ဆင်တူ၏။
လူမဟုတ်သဖြင့် အိုခြင်း သေခြင်းမရှိ။ ဤအမှန်တရားကို ဖုံးကွယ်ရန်အတွက် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားတစ်ခုရောက်တိုင်း အသွင်ပြောင်းလေ့ရှိသည်။
‘ဆန်းဂျယ်ရဲ့ သရုပ်မှန်က တကယ်တမ်း ငါသိတဲ့အတိုင်းပဲဆိုရင် အဲ့ဒါ ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ သာမန်လူတစ်ယောက်က ဘယ်လိုမှ သိမှာမဟုတ်ဘူး။’
တုန်ယင်နေသည့် ယူဂျင်း၏ မျက်လုံးများထဲတွင် ကြည်လင်သောအလင်းရောင် ပြန်ရောက်လာတော့သည်။
‘ပြီးတော့ ငါက အဲ့ဒါအပြင် တခြားအရာတွေကိုလည်း သိထားသေးတယ်။’
ဝတ္ထုထဲတွင် မရဏဘုရင်က ဂျင်ကို လိုက်ရှာရန်အတွက် ကျန်ဘုရင့်တိုင်းပြည် ငါးခုဆီသို့ သွားရောက်ခဲ့စဉ် ယူဂျင်းက ဖန်တီးသူတစ်ယောက်အနေနှင့် အတူရှိနေ၏။ ထို့ကြောင့် ဘုရင့်တိုင်းပြည်တစ်ခုချင်းစီ၏ ထူးခြားချက်များကို ပြသနိုင်အောင် တည်ဆောက်ထားသော နန်းတော်များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို သိနေသည်။
‘ဂျင်က တခြားဘုရင့်တိုင်းပြည်တွေကို သွားဖူးတာမဟုတ်ဘူး။’
အာနီခါများမှာ အထွတ်အမြတ်မြို့တော်အပြင်သို့ ထွက်ခွာ၍မရပေ။ ယင်းမှာ တင်းကျပ်စွာ ချမှတ်ထားသော ဥပဒေပင်။ တစ်ခုတည်းသော ခြွင်းချက်မှာ တော်ဝင်မိသားစုနှင့် လက်ထပ်သည့်အချိန်ဖြစ်သည်။
ဂျင်က လက်ထပ်ပြီးသည်နှင့် ဟာရှီတိုင်းပြည်သို့ ချက်ချင်း သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် သုံးနှစ်ကြာသည်အထိ ဘုရင့်တိုင်းပြည်မှ ထွက်ခွာခြင်းမရှိခဲ့။ အထွတ်အမြတ်မြို့တော်မှ ဟာရှီတိုင်းပြည်သို့ သွားရာလမ်းတွင် ဝင်ခဲ့သော ဆူရာန်တိုင်းပြည်မှလွဲ၍ သွားခဲ့ဖူးသည့်နေရာမရှိပေ။
‘အဲ့ဒါတင်မကသေးဘူး။ ငါက ဖလက်ခ်တိုင်းပြည်ရဲ့ မြေအောက်မှာရှိတဲ့ လျှို့ဝှက်ရေကြောင်းလမ်းအကြောင်းလည်း သိသေးတယ်။’
ဝတ္ထုထဲတွင် မာရာ၏အမိန့်ကိုရသဖြင့် စုဝေးရောက်ရှိလာသော လာ့ခ်တပ်ဖွဲ့က ဖလက်ခ်တိုင်းပြည်၏ နန်းတော်ကို တိုက်ခိုက်ခဲ့ကြသည်။ ထိုစဉ် ဖလက်ခ်တိုင်းပြည်၏ဘုရင် နီကိုးလက်စ်က မြေအောက်ရေကြောင်းလမ်းမှ ဆန်းဂျယ်ထံသို့ ထွက်ပြေးခဲ့ကြောင်း ဖော်ပြထား၏။
‘အဲ့ဒီ ရေကြောင်းလမ်း တကယ်ရှိတယ်ဆိုတာကိုတော့ ငါကိုယ်တိုင် သက်သေပြနိုင်မဲ့နည်းလမ်း မရှိဘူးပေါ့။’
ဆန်းဂျယ်ကို တွေ့မည့်ကိစ္စနှင့် ပတ်သက်ပြီး စနိုးစနောက်ဖြစ်နေခဲ့သော်လည်း ယတိပြတ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။
‘အထွတ်အမြတ်မြို့တော်ကိုသွားပြီး ဆန်းဂျယ်နဲ့ တွေ့ရမယ်။’
ယူဂျင်းက မျက်လုံးကိုမှိတ်ကာ အသက်ပြင်းပြင်းရှူသွင်းပြီး ပြန်ဖွင့်လိုက်သည်။
‘ကျန်တာတွေတော့ အကုန်မသိပေမဲ့ ငါက ယူဂျင်းပဲ။ ယူဂျင်း။ အခုလက်ရှိရဲ့ ငါက ငါပဲ။’
အသက် ၂၈ နှစ်အထိ ယူဂျင်းအဖြစ် နေလာခဲ့သည်။ ပျော်ရွှင်ရသည့်အချိန်ရယ်လို့ တကယ်ပဲရှိခဲ့ဖူးရဲ့လားဟု တွေးမိရလောက်အောင် အရာရာက အဆင်ပြေပြေမရှိခဲ့။ သို့သော် ယူဂျင်းအဖြစ် နေလာခဲ့သည့် သူ၏ဘဝကို ဘယ်သူမှ ငြင်း၍မရပေ။ ဘုရားသခင်ပင်လျှင် ငြင်းနိုင်မည်မဟုတ်။
ကိုယ့်လက်ကိုယ် ကြည့်လိုက်တော့ တုန်ယင်မှုများရပ်သွားပေပြီ။ ယူဂျင်းက ထိုင်နေသည့် အနေအထားမှ အသာလေး ထရပ်လိုက်ကာ ကြေသွားသည့် အဝတ်အစားများကို ပြန်ပြင်လိုက်၏။
‘ချက်ချင်းတော့ အထွတ်အမြတ်မြို့တော်ကို သွားလို့မရသေးဘူး။’
အနည်းဆုံးတော့ ရုန်းကန်လှုပ်ရှားရသည့်ရာသီ ပြီးဆုံးမှ သွားရပေမည်။ ထို့အပြင် သူက မိဖုရားဖြစ်နေသဖြင့် သွားလာရန် ပြင်ဆင်မှုများ လိုအပ်မည်သာ။
‘ဘာမှ မပြောင်းလဲသွားဘူး။ ငါ မနေ့ကလိုပဲ ဒီနေ့ကို နေလိုက်ရင် ရပြီ။’
ထိုင်ပြီးလမ်းပျောက်နေရန် အချိန်မရှိ။ ချက်ချင်း လုပ်ရမည့် အရာများ ရှိနေခြင်းက တော်သေးသည်ပြောရမည်။ ဂျင် သုံးနှစ်တာအတွင်း လုပ်ခဲ့သည့်အရာများက ယခုမှ အစပေါ်လာရုံရှိသေး၏။ ဖုံးကွယ်သည်ဖြစ်စေ၊ ဖြေရှင်းသည်ဖြစ်စေ၊ ယခုတော့ ထိုကိစ္စကိုသာ အာရုံစိုက်ရမည်။
ယူဂျင်းက အိပ်ခန်းထဲတွင် ဖြည်းဖြည်းချင်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း ရိုဒရစ်ဂ်နှင့်ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားလိုက်သည်။
‘တာနီယာက… ဘယ်သူဖြစ်မလဲ။ ဂျင်က သူ့ဘေးမှာ ရံရွေတော်တွေကိုပဲ ထားတယ်လို့ ကြားခဲ့တာကို...’
ပျောက်ဆုံးသွားသော ရံရွေတော်ငါးယောက်ထဲတွင် ဤနာမည်နှင့်လူ မပါပေ။
‘ဟင့်အင်း။’
ယူဂျင်း၏ ခြေလှမ်းများ ရပ်သွားတော့သည်။
‘ရံရွေတော်တစ်ယောက်မှာ နာမည်ပြောင်ခေါ်တဲ့ တခြားနာမည်တစ်ခု ရှိနိုင်တာပဲ။’
ယနေ့ ရောက်လာသည့် ရိုဒရစ်ဂ်သည်လည်း လူသိရှင်ကြား အသုံးပြုသော နာမည်က ကေ့ဂ်ျ ဖြစ်၏။
‘ဟုတ်တယ်။ သေချာတယ်။ ဂျင် ဘယ်သူမှမသိအောင် အပြင်ထွက်ဖို့ဆိုရင် အကူအညီပေးမဲ့သူ လိုတာပေါ့။’
ပျောက်ဆုံးသွားသည့် ရံရွေတော်များ၏ အချက်အလက်များကို သေချာစစ်ဆေးခိုင်းရပေမည်။
‘သူက အရေးကြီးတဲ့ အခမ်းအနားမတိုင်ခင်လို့ ပြောခဲ့တာကို။ အဲ့ဒီအကြောင်း မေးလိုက်ရမှာ။’
ရိုဒရစ်ဂ် ပြောခဲ့သည့် စကားများအနက် အရေးအကြီးဆုံး အကြောင်းအရာဖြစ်သော်လည်း သဲလွန်စလေးတစ်ခုပင် မရလိုက်သည်က စိတ်ပျက်စရာကောင်းလှ၏။ သို့သော် စောစောကတော့ ခေါင်းထဲတွင် ရှုပ်ထွေးနေသဖြင့် သေချာမတွေးနိုင်ခဲ့။
ယခု သိထားသည့် အချက်အလက်များအရ ဂျင်က ရိုဒရစ်ဂ် ပါဝင်မည့် အရေးကြီးသော အခမ်းအနားတစ်ခုမတိုင်မီအချိန်တွင် ရှိနေသည်။ ယင်းက မာရာနှင့် သက်ဆိုင်သည့် ဘာသာရေးအခမ်းအနား ဖြစ်မည်မှာသေချာ၏။
သို့သော် ဂျင်က ထိုအချိန်တွင် ရံရွေတော်များနှင့်အတူ ရဲတိုက်မှလျှို့ဝှက်ထွက်ခွာကာ ကန္တာရထဲသို့ သွားခဲ့သည်။
‘ဘာဖြစ်လို့လဲ။ ဘာလုပ်ဖို့လဲ။ ဘာလို့ ရံရွေတော်တွေကိုပဲ ခေါ်သွားရတာလဲ။’
‘အဲ့ဒါကို ဘာလုပ်ဖို့ ယူသွားရတာလဲ။ ဘယ်မှာ ထားခဲ့တာလဲ။ ဘာလို့ ကန္တာရထဲကို ထွက်သွားရတာလဲ။’
ရုတ်တရက် ထိုစဉ်က သူ့ကို အော်ဟစ်ခဲ့သည့် ဘုရင်မင်းမြတ်၏ပုံစံကို ယူဂျင်း သတိရသွားတော့သည်။
တစ်စုံတစ်ခုကို ကြိုတင်အာရုံရလိုက်သလို ခံစားချက်နှင့်အတူ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားရ၏။
‘တစ်ခုခုကို…ယူပြီးတော့ ကန္တာရထဲ သွားလိုက်တာမဟုတ်လား။ မဟုတ်မှလွဲရော။’
ဘုရင်မင်းမြတ်ကို မေးကြည့်ရန် တွေးနေရင်းမှ မေ့သွား၏။ ထိုနောက်ပိုင်းတွင် သူက ဤကိစ္စကို ထပ်မပြောတော့သဖြင့် အထွေအထူးမဟုတ်ဘူးဟုတွေးကာ ပေါ့ပေါ့ပါးပါးသာ နေခဲ့မိသည်။
‘ဂျင် ကန္တာရထဲကို ယူသွားတဲ့ပစ္စည်းက ဘာလဲဆိုတာ သိအောင်လုပ်ရမယ်။’
ယူဂျင်းက လုပ်ရမည့်အရာများကို တစ်ခုချင်းစီ စာရင်းပြုစုခဲ့သည်။
‘ပြီးတော့ ဂျင်က သတင်းအချက်အလက်ဝယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုဒရစ်ဂ်ကိုတွေ့ပြီး… အာ။’
အထိန်းတော်ချုပ်ကို ဘဏ်မန်နေဂျာနှင့် တွေ့မည်ဟု ပြောခဲ့ပြီး လုံးဝ မေ့သွားခဲ့သည်။
ယူဂျင်းက ချက်ချင်း တံခါးဖွင့်ပြီး အိပ်ခန်းအပြင်သို့ ထွက်သွားလိုက်၏။ ဧည့်ခန်းတွင် မာရီအန်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်ကိုမြင်တော့ ရပ်လိုက်မိသည်။
မာရီအန်းက ကိုယ်နေဟန်ထားကိုပြင်ကာ ဦးညွှတ်ခဲ့သည်။
“မာရီအန်း။ ဒီမှာပဲ ရှိနေတာလား။”
“ခေါ်စရာရှိမှာစိုးလို့ စောင့်နေခဲ့တာပါ။”
“အဲ့ဒီလိုရှိခဲ့ရင်လည်း ရံရွေတော်တွေကို ခေါ်လိုက်ရင် ရရဲ့သားနဲ့။ မာရီအန်းက ဒီမှာ တစ်နေကုန် ရှိနေစရာ မလိုပါဘူး။”
“အဆင်မပြေဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်။”
“အဆင်မပြေတာ မဟုတ်ပါဘူး…”
ယူဂျင်းတစ်ယောက် မာရီအန်း၏ မျက်နှာထားက ပုံမှန်ထက် လေးလံနေသည်ဟု ခံစားလိုက်ရသည်။
“ဘာဖြစ်လို့လဲဟင်။”
“ဘာမှမဖြစ်ပါဘူး။”
သတိထားနေသည့်ပုံစံနှင့် မာရီအန်း၏မျက်လုံးများတွင် ပြောချင်သည့်စကားတွေ အများကြီး ရှိနေသည်။
“ဘာဖြစ်လို့လဲရှင့်။ အဆင်ပြေတာမို့လို့ ပြောသာပြောပါ။”
မာရီအန်းက တုံ့ဆိုင်းနေရာမှ ပြောလာသည်။
“ရိုင်းပျတဲ့ မေးခွန်းကို ခွင့်ပြုပေးပါ။ ဧကန္တ...စောစောက ဟိုလူကို တွေ့ပြီးတဲ့နောက်ပိုင်းမှာ မှတ်မိသွားတဲ့ အရာတစ်ခုခုများ ရှိပါသလား။”
မာရီအန်းကို စေ့စေ့ကြည့်နေခဲ့သော ယူဂျင်းက အသာလေး ရယ်လိုက်သည်။ ပုံမှန်ဆို စိတ်ထဲရှိသည့်အရာကို ထုတ်ဖော်မပြတတ်သည့် မာရီအန်း၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေ၏။ မျက်နှာထားကိုပင် မထိန်းချုပ်နိုင်လောက်အောင် သူ ဘာတွေပူပန်နေမှန်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
မကြာသေးမီကပင် ဘုရင်မင်းမြတ်က ‘မှတ်ဉာဏ်တွေ ပြန်ရစရာမလိုဘူး’ ဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့၏။ ယခု မာရီအန်းကလည်း ပွင့်ပွင့်လင်းလင်း ပြောသည်ထက်ပိုသော အမူအရာကို ပြနေသည်။
“ကျွန်မ မှတ်ဉာဏ်တွေ ပြန်ရသွားမှာစိုးလို့ စိတ်ပူနေတာလားဟင်။”
“မဟုတ်ပါဘူး၊ အရှင်မိဖုရား။ အဲ့ဒီလို သဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး…”
ယူဂျင်းတစ်ယောက် ထူးဆန်းသည့် ကြည်နူးမှုကို ခံစားလိုက်ရသည်။ ဘယ်သူမှ ဂျင်ကို မလိုချင်ကြပေ။ သူက ဂျင်၏နေရာကိုယူပြီး ဂျင်၏ဖြစ်တည်မှုကို ဖျောက်ဖျက်ပစ်ခဲ့ပေပြီ။
ဘယ်သူမှ မလိုချင်ကြဘဲ မှတ်မိနေမည့်သူမရှိသည့် လူတစ်ယောက်ကို တကယ်ရှိခဲ့ဖူးသည်ဟု ပြောနိုင်မည်လား။ ဤသည်မှာ သေဆုံးခြင်းထက်ပင် ပို၍ကြမ်းကြုတ်သည့် ပျောက်ကွယ်သွားခြင်း မဟုတ်ပေဘူးလား။
“မာရီအန်း။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
“အခုတလော ကျွန်မ ထူးထူးဆန်းဆန်း ပြုမူနေတာမျိုး ရှိခဲ့ဖူးလား။ ဘယ်သူမှ နားမလည်တဲ့ စကားတွေပြောတာတို့၊ မဟုတ်လည်း ကျွန်မ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို နောက်ပိုင်းမှာ ပြန်မမှတ်မိတာမျိုးတို့လေ။”
မာရီအန်းက လေးနက်ခိုင်မာသည့် မျက်နှာထားနှင့် ခေါင်းခါခဲ့သည်။
“ကျွန်မသိသလောက်တော့ အဲ့ဒီလိုမျိုး တစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး။”
“အသေးအမွှား အဖြစ်အပျက်လေးဆိုရင်တောင် ရပါတယ်။”
မာရီအန်းက အလေးအနက် စဉ်းစားနေခဲ့ရာမှ တစ်ဖန်ထပ်ပြီး ခေါင်းခါလိုက်ပြန်သည်။
“မရှိပါဘူး၊ အရှင်မိဖုရား။”
ယူဂျင်းက သူ့ကိုယ်သူ လူတစ်ကိုယ် စိတ်နှစ်မျိုး ဖြစ်နေလောက်မလားဟု စစ်ဆေးလိုက်၏။ မဟုတ်ဘူးဟု ယုံကြည်ထားသော်လည်း ဤကဲ့သို့ စစ်ဆေးလိုက်သဖြင့် စိတ်ထဲတွင် အနည်းငယ်ပေါ့ပါးသွားသည်။
“မှတ်ဉာဏ်တွေ ပြန်ရလာပြီဆိုတဲ့စကားမဟုတ်လို့ မျက်နှာထားလေး လျှော့ပါဦး။”
မာရီအန်းက ပြုံးနေသော ယူဂျင်း၏ မျက်နှာကို သေချာအကဲခတ်ခဲ့သည်။ ပုံမှန် မိဖုရားနှင့် ဘာမှမကွာဘူးဟု တွေးမိတော့မှပဲ မာရီအန်း၏ မျက်နှာလည်း ပြေသွားတော့၏။
“ဘဏ်မန်နေဂျာ ရောက်ပြီလားရှင့်။”
“ဟုတ်ကဲ့၊ အရှင်မိဖုရား။ စောစောက အထိန်းတော်ချုပ် လာပြီးအစီရင်ခံသွားပါတယ်။”
“အကြာကြီး စောင့်ခိုင်းလိုက်မိတာပဲ။ အခုပဲ တွေ့လိုက်မယ်။”
ပြန်ဖြေပြီး လှည့်ထွက်ရန်ပြင်နေသည့် မာရီအန်းကို ယူဂျင်းက ပြန်ခေါ်လိုက်သည်။
“ပြီးတော့လေ မာရီအန်း၊ စုံစမ်းပေးရမဲ့ ကိစ္စလေးတစ်ခု ရှိနေတယ်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
“ပျောက်သွားတဲ့ ရံရွေတော်တွေကို နောက်ကြောင်းလိုက်ကြည့်ချင်တယ်။ သူတို့ထဲက တစ်ယောက်ယောက်ကို ဘာသာရေးအစွန်းရောက်ဂိုဏ်းရဲ့ နောက်လိုက်ဖြစ်လောက်မလားဆိုပြီး သံသယဝင်နေလို့ပါ။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။ ဒါပေမဲ့… အကယ်၍ သူတို့ထဲမှာ အစွန်းရောက်ဂိုဏ်းနောက်လိုက် ရှိခဲ့မယ်ဆိုရင် အယ်လီဆိုတဲ့ ရံရွေတော် ဖြစ်လောက်ပါတယ်။ စုံစမ်းပြီး တိကျတဲ့အဖြေကို ပြန်ပြောပြပါ့မယ်။”
“ဘယ်လိုလုပ် သိတာလဲဟင်။”
“အရင်က အရှင်မိဖုရား ပေးခဲ့တဲ့ အမိန့်အရ ကျန်နေတဲ့ မိသားစုဝင်တွေကို ရှာကြည့်ခဲ့ပါတယ်။ အဲ့ဒီမှာ ရံရွေတော် အယ်လီရဲ့ အစ်ကိုက ဘာသာရေးအစွန်းရောက်ဂိုဏ်းနောက်လိုက်အဖြစ် လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေးခံခဲ့ရဖူးတာကို သိခဲ့ရတာပါ။”
ယူဂျင်းက သတိထားပြီးစုံစမ်းဖို့ တိုက်တွန်းရန်ပြင်နေစဉ် မထင်မှတ်ဘဲ အဖြေရသွားသဖြင့် အံ့အားသင့်သွား၏။ ထို့အပြင် မာရီအန်း၏ စကားကိုလည်း နားမလည်နိုင်ခဲ့။
“ဘာသာရေး အစွန်းရောက်ဂိုဏ်း နောက်လိုက်အဖြစ် စွဲချက်ပေါ့လေ။ ဒါဆို အယ်လီက ဘယ်လိုလုပ် ရံရွေတော် ဖြစ်လာတာလဲ။”
“အယ်လီ မဟုတ်ပါဘူး။ သူ့အစ်ကိုပါ…”
“မိသားစုဝင်က ဘာသာရေးအစွန်းရောက်ဂိုဏ်း နောက်လိုက်အဖြစ် စွဲချက်ရှိခဲ့ဖူးတယ်လို့ ပြောချင်တာလား။”
“ဟုတ်ကဲ့။ စစ်ဆေးခံခဲ့ရဖူးပါတယ်။”
မာရီအန်းနှင့် စကားပြောရင်း အခြေအနေအပေါ် အခြေခံနားလည်မှုချင်း လွဲနေသလို ခံစားလိုက်ရသည်။
“မာရီအန်း။ ဘာသာရေးအစွန်းရောက်ဂိုဏ်းရဲ့ နောက်လိုက်တွေက ဖမ်းမိရင် အပြစ်ပေးခံရတယ်မဟုတ်ဘူးလား။”
“ဟုတ်ကဲ့။ ဖမ်းဆီးစစ်ဆေးခံရပါတယ်။”
“ကျွန်မ ပြောချင်တာက ဖမ်းဆီးစစ်ဆေးတာမျိုး မဟုတ်ဘဲ… ဖမ်းမိရင် သေဒဏ်ချမှတ်ခံရတာ မဟုတ်ဘူးလားရှင့်။”
“ရှင်။”
တစ်ခါမှ မကြားဖူးသည့်အလား မာရီအန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါဆို အထွက်အမြတ်မြို့တော်မှာရော ဘယ်လိုလုပ်လဲဟင်။”
“အထွတ်အမြတ်မြို့တော်မှာလည်း သေဒဏ်ပေးတာမျိုး မရှိပါဘူး။ နယ်နှင်ဒဏ်ချမှတ်တယ်လို့ ကြားဖူးပါတယ်။”
ယူဂျင်းတစ်ယောက် သူ့ဝတ္ထုပါ အကြောင်းအရာနှင့် ဤကမ္ဘာမှ မတူညီသောအချက်ကို ထပ်တွေ့သွားပြန်သည်။ ဝတ္ထုထဲတွင် ဆန်းဂျယ်က မာရာ၏နောက်လိုက်များကို အင်မတန်စက်ဆုပ်၏။ အထွတ်အမြတ်မြို့တော်တွင် ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ နောက်လိုက်များကို ဖမ်းမိလျှင် ခေါင်းဖြတ်ကွပ်မျက်ခြင်းက ပုံမှန်ပင်။ ဆန်းဂျယ်၏အမိန့်ကို ခံယူထားသော သူရဲကောင်းများက ပုံမှန်အားဖြင့် ဘာသာရေးအစွန်းရောက်ဂိုဏ်း နောက်လိုက်များကို လိုက်လံဖမ်းဆီးကာ ချက်ချင်း ကွပ်မျက်ပစ်ကြ၏။
သို့သော် ဤနေရာ၏ အခြေအနေကတော့ လုံးဝမတူပေ။ မိသားစုဝင်တစ်ယောက်က သံသယရှိသူဖြစ်ရုံသက်သက်နှင့် ပြဿနာမရှိ။
“...ကောင်းပါပြီ။ ဒါဆို ရံရွေတော် နောက်ကြောင်းလိုက်တဲ့ကိစ္စကို ခဏထားလိုက်ပါမယ်။”
ဘယ်သူမှန်း ခန့်မှန်း၍ရသည်ဆိုလျှင် မလိုအပ်ဘဲ စုံစမ်းစစ်ဆေးရန်အတွက် အလျင်စလိုလုပ်ရန်မလိုပေ။ ယူဂျင်း သိချင်သည့်အချက်မှာ ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ နောက်လိုက်တစ်ယောက်က ရဲတိုက်ထဲကို မည်သို့ဝင်ရောက်လာပြီး ဂျင်၏ ရံရွေတော်ဖြစ်လာသလဲဟူသည့် ဖြစ်စဉ်ပင်။ ဘယ်သူမှန်း သိပြီဆိုလျှင် အထိန်းတော်ချုပ်က တစ်ခုခုတော့ မှတ်မိပေလိမ့်မည်။
~~~~
Miel's Translations