အပိုင်း ၆၉
ခါဆယ်ရ် သက်ပြင်းချလိုက်သည်။
‘ကောလာဟလတွေကို တားဆီးဖို့ကတော့ ခက်မှာပဲ။’
မနေ့က ထိုနေရာတွင်ရှိနေသူ များများစားစားမရှိခဲ့။ အနီရောင် အချက်ပြမီးရှူး သုံးကြိမ်တိုင်တိုင် ပစ်လွှတ်ခဲ့ပြီးသည့်နောက်တွင် တိုင်းသူပြည်သားများက မြေအောက်ခိုလှုံရာများသို့ ဝင်ရောက်ပုန်းအောင်းနေကြပေလိမ့်မည်။
မျက်မြင်သက်သေ အများစုမှာ စစ်သည်တော်များနှင့် တပ်သားများဖြစ်ကြ၏။
နောက်ပိုင်း အစီရင်ခံချက်များအရ အာဘူက လာ့ခ်နှင့် တိုက်ခိုက်နေစဉ် ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ စပ်စုလိုစိတ်ဖြင့် အပြင်သို့ တစ်ချက်လေး စနည်းနာကြည့်ခဲ့ကြသော တိုင်းသူပြည်သားများကို ထည့်သွင်းရေတွက်လျှင်ပင် ပတ်ဝန်းကျင်ကို အလျင်အမြန် ထိန်းချုပ်ခဲ့ပါက ကောလာဟလများကို အလွယ်တကူ တားဆီးနိုင်ပေမည်။
သို့သော် မနေ့က သူ့တွင် ထိုသို့စဉ်းစားနေရန် အချိန်မရှိခဲ့။ လာ့ခ်ကို အမဲလိုက်ပြီးနောက် နောက်ဆက်တွဲကိစ္စများကို ယုံကြည်စွာ လွှဲအပ်ထားခဲ့ကာ မိဖုရား နိုးထလာရန်ကိုသာ စောင့်ဆိုင်းရင်း ဘေးတွင်ထိုင်နေခဲ့မိ၏။
ရုတ်တရက် ပတ်ဝန်းကျင်က မှောင်မိုက် နေသည်ဟု ခံစားရ၍ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကို ကြည့်လိုက်သောအခါ ညနေစောင်းနေပေပြီ။ ထိုမျှကြာအောင် စိတ်လွတ်လက်လွတ် ထိုင်နေခဲ့ဖူးသော အတွေ့အကြုံသည်လည်း ပထမဆုံးအကြိမ်ပင်။ နောက်ကျမှ 'နှုတ်ပိတ်ခိုင်းဖို့' သတိရကာ လက်စတာကိုခေါ်၍ အတည်ပြုလိုက်ချိန်တွင် နောက်ကျသွားခဲ့ပေပြီ။
တကယ်တော့ မနေ့ကဖြစ်ခဲ့သည့် အဖြစ်အပျက်၏ ကောလာဟလများ ပိုမို ချဲ့ကား ပျံ့နှံ့သွားလျှင်ပင် အကျိုးအမြတ်သာ ရှိမည်ဖြစ်ကာ ဆုံးရှုံးမှုရှိမည်မဟုတ်ပေ။ တိုင်းသူပြည်သားတို့၏ တိုင်းပြည်ချစ်စိတ်ကို မြှင့်တင်ပေးကာ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးမည့် ချီးကျူးအမွှမ်းတင်ဖွယ် အဖြစ်အပျက်ပင်။
သို့သော် သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေ၏။ ကောလာဟလများ ပျံ့နှံ့သွားပါက မကြာမီ ဆန်းဂျယ်၏ နားထဲသို့ ရောက်ရှိသွားပေမည်။
‘မှော်ဝင်သားရဲတွေ နာခံကြတဲ့ပုံစံက သွေးရိုးသားရိုးမဟုတ်ဘူးလို့ ထင်ထားပေမဲ့။’
မျိုးစေ့မဟုတ်ဘဲ လာ့ခ်က သစ်ပင်ဖြစ်သွားသည့် ယခုလိုကိစ္စမျိုးကို တစ်ခါမှ မကြားဖူးပေ။
သမိုင်းဝင် ပုဂ္ဂိုလ်ဖြစ်သော အာနီခါ ရော့ဂ်ဆီ ချန်ထားခဲ့သည့် အထွတ်အမြတ်မြို့တော် ရင်ပြင်ရှိ သစ်ပင်သည်လည်း မျိုးစေ့မှ ပေါက်လာခဲ့ခြင်းဖြစ်သည်။ မိဖုရား၏ ရာမီတာက မည်မျှအထိ အားကောင်းမှန်း ခန့်မှန်းကြည့်၍ပင်မရပေ။
ဆန်းဂျယ်က ထိုကိစ္စကို လျစ်လျူရှုထားမည်မဟုတ်။ ကောလာဟလကို ကြားသည်နှင့် ချက်ချင်း သူရဲကောင်းများ စေလွှတ်ကာ မိဖုရားကို ခေါ်ယူပေလိမ့်မည်။
“အရှင်မင်းကြီး။”
လက်စတာက အတွေးနယ်ချဲ့နေသော ဘုရင်မင်းမြတ်အား သတိထား၍ ခေါ်လိုက်သည်။
“ဒီလမ်းက နဂို လူသွားလူလာများတဲ့လမ်းမို့လို့ လမ်းကို အသုံးမပြုနိုင်ရင် အခက်အခဲတွေ အများကြီးရှိလာနိုင်ပါတယ်။”
လက်စတာက မနေ့က အခြေအနေကြောင့် ဖြစ်လာသော နောက်ဆက်တွဲကိစ္စများကို သူ့ဘာသာသူ ကြည့်ကြပ် ရှင်းလင်းခဲ့သည်။ သို့သော် ဤသစ်ပင်ကိစ္စကိုတော့ သူ၏ လုပ်ပိုင်ခွင့်အာဏာနှင့် မည်သို့မျှ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမည်မဟုတ်ပေ။
အံ့ဩမှင်တက်ဖွယ် မြင့်မြတ်သော ဤအရာ၏ ဘေးပတ်လည်တွင် အစောင့်တပ်သားများသာ ချထားရခြင်းကို စိတ်မသက်မသာဖြစ်နေ၏။ ထို့အပြင် တစ်နေကုန် သစ်ပင်ကိုသာ စောင့်ကြည့်နေရန်မှာလည်း သူကိုယ်တိုင်တွင် လုပ်စရာများ အများအပြားရှိနေပြန်သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်အား လာရောက်စစ်ဆေးကြည့်ရှုပြီးနောက် အဖြေပေးပါရန် တောင်းဆိုခဲ့ခြင်းပင်။
သို့သော် စောစောက ‘ငါ့ကို အခုချက်ချင်း ခေါ်ထုတ်ရမှ ဖြစ်မှာလား’ ဟု ပြောနေသည့်ဟန်နှင့် ဘုရင်မင်းမြတ်၏ မျက်နှာထားကို မြင်လိုက်ရသောအခါ သူအတွေးတိမ်ခဲ့ကြောင်း သဘောပေါက်သွားရ၏။ ထိုသို့ စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် မကျေနပ်မှုကို မျက်နှာပေါ်တွင် ပြသသော ဘုရင်မင်းမြတ်၏ပုံစံကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
‘ငါက အရိပ်သုံးပါးနားမလည်တဲ့သူ ဖြစ်ခဲ့တာပဲ။’
ခုံတစ်ခုံချပြီး ရက်ပိုင်းလောက်ဖြစ်ဖြစ် သစ်ပင်ကို ညအိပ်စောင့်ကြည့်ကာ မိဖုရား နိုးထလာသည်အထိ စောင့်ဆိုင်းခဲ့သင့်ပေသည်။
အခြေအနေ အရိပ်အကဲကို သေချာကြည့်ပြီးမှ ဖမ်းဆီးခံထားရသော စစ်သည်တော်များအကြောင်း တိတ်တဆိတ် ထုတ်ပြောမည်ဆိုပါက အားလုံး အဆင်ပြေသွားလောက်၏။
“ကောလာဟလတွေ ငြိမ်သွားတဲ့အထိ သစ်ပင်ပတ်လည်မှာ ခြံစည်းရိုးကို မြှင့် တင်ပြီး တပ်သားတွေ ချထားပါ့မယ်။ ဒီပတ်ဝန်းကျင်က အဆောက်အအုံတွေကို ဖြိုဖျက်ပြီး လမ်းလွှဲတစ်ခု ဖန်တီးဖို့ အကြံပြုချင်ပါတယ်။ ဖျက်သိမ်းတာကို အလျင်အမြန် ဆောင်ရွက်ပြီး ခြောက်သွေ့ရာသီ စတင်လာတဲ့အခါ ဆောက်လုပ်ရေးကို အဓိကထားပြီးတော့ စလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်ခင်ဗျ။”
ခါဆယ်ရ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။
“အရှင်မင်းကြီး။”
ပျာပျာသလဲခေါ်သံကြောင့် ခါဆယ်ရ်၏ အကြည့်က ချက်ချင်း တစ်ဖက်လှည့်သွား၏။ စစ်သည်တော်တစ်ဦး ဘုရင်မင်းမြတ်၏ အပါးသို့ ချဉ်းကပ်လာကာ ဦးညွှတ်လိုက်သည်။
“ဘယ်ရွန် ဝေးဇ်က သတင်းစကား ပါးလိုက်ပါတယ်။ ရဲတိုက်ကို မြန်မြန်ပြန်လာခဲ့ပေးဖို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျ။”
ခါဆယ်ရ်၏ မျက်ခုံးများ ဆတ်ခနဲလှုပ်ရှားသွားသည်။ စစ်သည်တော်၏ စကားကို ကြားလိုက်ရသော လက်စတာလည်း အလွန်အမင်း ထိတ်လန့်သွားကာ မြင်းကို အမြန်ဆွဲယူလာ၏။ ခါဆယ်ရ်က ချက်ချင်း မြင်းပေါ် ခုန်တက်ကာ အရှိန်မြှင့်၍ ရဲတိုက်ဆီသို့ အပြေးသွားတော့သည်။
ဝေးကွာသွားသော ဘုရင်မင်းမြတ်၏ကျောပြင်ကို ကြည့်နေသည့် လက်စတာ၏ မျက်နှာထားတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။ ကိစ္စကြီးကြီးမားမား မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။
~~~~
မာရီအန်းက ဥယျာဉ်ထဲသို့ထွက်လာကာ ဘုရင်မင်းမြတ်ကို စောင့်ဆိုင်းနေ၏။ ခါဆယ်ရ်က မြင်းပေါ်မှခုန်ဆင်းပြီးသည်နှင့် မာရီအန်းကို ချက်ချင်းမေးလိုက်သည်။
“ဘာဖြစ်တာလဲ။”
မာရီအန်းက အသေးအဖွဲကိစ္စလေးအတွက်နှင့်တော့ သတင်းပို့ အကြောင်းကြားမည်မဟုတ်သဖြင့် သူက အကြောင်းရင်းကို မမေးတော့ဘဲ ရဲတိုက်ဆီသို့ အလျင်အမြန် ပြေးလာခဲ့ခြင်းပင်။ သို့သော် မာရီအန်း၏ မျက်နှာထားက ထူးဆန်းနေသည်။ သတင်းကောင်းဟုဆိုရအောင် ပြုံးရယ်နေခြင်းမရှိသလို၊ သတင်းဆိုးဟု ဆိုရန်မှာလည်း ပြင်းထန်တင်းမာမှုမရှိပေ။
“အရှင်မင်းကြီး။ မြန်မြန်လေး အရှင်မိဖုရားဆီကို သွားကြည့်ပါဦး။”
“ဘာဖြစ်တာလဲလို့ မေးနေတယ်လေ။”
“ကျွန်မလည်း ဘာပြောရမှန်း... ဘာပြောရမှန်း မသိတော့ပါဘူး။ မြန်မြန်လေးသာ သွားကြည့်လိုက်ပါ။”
ခါဆယ်ရ်က မာရီအန်းဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။ စင်္ကြံကိုဖြတ်၍ လှေကားထစ်များအတိုင်း တက်သွားချိန်တွင် သူ၏လမ်းလျှောက်နှုန်းက တဖြည်းဖြည်း ပို၍မြန်လာ၏။ ဘုရင်မင်းမြတ်၏ အနောက်မှ လိုက်ပါလာသူ မည်သူမျှမရှိပေ။ သူက မိဖုရား၏ အိပ်ခန်းသို့သွားခြင်းကိစ္စတွင်သာ အာရုံစူးစိုက်နေသောကြောင့် ထူးဆန်းသည်ဟု မထင်မိခဲ့။
မိဖုရား၏ အိပ်ခန်းရှေ့စင်္ကြံသို့ ရောက်သောအခါမှသာ ထူးခြားသည့်ခံစားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်က အင်မတန် တိတ်ဆိတ် နေ၏။ ရှင်းလင်းခြောက်ကပ်နေသော စင်္ကြံတွင် လူတစ်ယောက်မှ ရှိမနေပေ။
ခါဆယ်ရ် စုတ်သပ်လိုက်သည်။ တော်ဝင်မိသားစုကို အလုပ်အကျွေးပြုခစားကြသူများက ဤမျှလောက် ပေါ့ဆကြလေသလား။ တံခါးဝတွင် စောင့်နေသော ရဲတိုက်အမှုထမ်း တစ်ဦးမှမရှိသလို အိပ်ခန်းတံခါးကလည်း စေ့စေ့ပိတ်မနေဘဲ အက်ကြောင်းတစ်ခု မြင်နေရသည်။ ခါဆယ်ရ်လည်း ဒေါသထွက်ထွက်နှင့် တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။
တံခါးကိုဆွဲဖွင့်ကာ အတွင်းသို့ဝင်ရန် ပြင်ဆင်လိုက်စဉ် သူလည်း အံ့ဩမှင်တက်စွာ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။
အပြည့်အဝ ပွင့်နေသော တံခါးအတွင်းဘက်မှ အိပ်ခန်းကိုကြည့်ရင်း သူက မျက်လုံးစုံမှိတ်ပြီးမှ ပြန်ဖွင့်လိုက်၏။ အမြင်မှားနေခြင်း မဟုတ်လျှင် ယခု သူမြင်နေရသည်က မည်သို့သောအရာ ဖြစ်မည်နည်း။
အိပ်ခန်းအတွင်းတွင် ရေများပြည့်လျှံ နေသည်။ လေးလံစွာ လှိုင်းထနေသော လှုပ်ရှားမှုက ရေ၏ပုံသဏ္ဌာန်ဖြစ်ကြောင်းမှာ မမှားနိုင်ပေ။
သို့သော် တံခါးကို နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့်အလား စင်္ကြံအပြင်ဘက်သို့ ရေတစ်စက်မျှပင် စီးကျမလာခဲ့။ အိပ်ခန်းတစ်ခုလုံးက ဧရာမပန်းကန်လုံးတစ်ခုအတွင်းသို့ ရေအပြည့် လောင်းထည့်ထားသည့်အလား ဖြစ်နေသည်။
အိပ်ခန်းနှင့် စင်္ကြံကြားရှိ နယ်နိမိတ်တွင် ခါဆယ်ရ်တစ်ယောက် ရှုပ်ထွေးနားမလည်နိုင်သော မျက်နှာထားဖြင့် ဖြတ်တောက်ထားသော မျက်နှာပြင်ကဲ့သို့ ချောမွေ့သော ပုံသဏ္ဌာန်ရှိသည့် ရေကို စူးစိုက်ကြည့်နေမိ၏။
သူက ရေမျက်နှာပြင်ဆီသို့ လက်ကို ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်သည်။ လက်ဖျားလေးဖြင့် အသာအယာ ထိကြည့်လိုက်ပြီးနောက် လက်ဖျားချင်း ပွတ်တိုက်ကြည့်လိုက်တော့ စိုစွတ်သောခံစားမှု မရှိပေ။
ခါဆယ်ရ်လည်း မာရီအန်း၏ ထူးဆန်းသော မျက်နှာထားကို ယခုမှပင် နားလည်သွားတော့သည်။
သူက လက်ကို ထပ်မံချဉ်းကပ်လိုက်၏။ မာကျောသောနံရံ ပိတ်ဆို့ထားလိမ့်မည်ဟု ထင်ခဲ့သော်လည်း မည်သည့် အတားအဆီးမှမရှိဘဲ သူ၏လက်က ရေထဲသို့ ဝင်ရောက်သွားခဲ့သည်။
ခန္ဓာကိုယ်က စင်္ကြံတွင် ရပ်နေသော်လည်း သူ၏လက်သာလျှင် အိပ်ခန်းအတွင်းသို့ ဝင်ရောက်နေ၏။ သူက ရေထဲသို့ နှစ်ထားသော သူ၏လက်ကို လှည့်ပတ်ကြည့်လိုက်သည်။ လက်ကိုလှုပ်ရှားလိုက်တိုင်း ရေစက်များ ပေါ်လာသော်လည်း အထိအတွေ့ကို ခံစားရခြင်းမရှိပေ။ အစစ်အမှန်ပုံသဏ္ဌာန် မရှိဘဲ မျက်စိဖြင့်သာမြင်ရသည့် ရေ ဖြစ်သည်ဟူသော အဓိပ္ပာယ်ပင်။
ခါဆယ်ရ် အိပ်ခန်းအတွင်းသို့ လျှောက်ဝင် သွားလိုက်သည်။ အိပ်ခန်းထဲသို့ အပြည့်အဝ ရောက်သွားပြီးသည့်နောက် ပွင့်နေသော တံခါး၏အလွန်မှ စင်္ကြံကို လှည့်ကြည့်လိုက်၏။ သူ ရေထုအတွင်းသို့ ရောက် နေသည်မှာ မလွဲဧကန်ပင်။
‘ဒါက ရာမီတာလား။’
ရာမီတာကို ‘ရေ’ ဟု ကြားဖူးသော်လည်း တကယ်တမ်းတွင် စကားအတိုင်း ရေဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့။ ရာမီတာက မျက်စိဖြင့် မြင်ရလောက်အောင် ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ထွက်ပေါ်လာနေသည်။
ရာမီတာဟူသည်မှာ ဘာမှန်းမသိရသော အစွမ်းတစ်ခုပင်။ တည်ရှိနေသော်လည်း မြင်ဖူးသူ မရှိပေ။ အာနီခါက မျိုးစေ့အား အပင်ပေါက်စေခဲ့သည့် ပုံစံကို ‘ဘယ်သူဘယ်ဝါတော့ဖြင့် မြင်လိုက်တယ်’ ဟူသည့် စကားများ ပျံ့နှံ့နေသော်လည်း ‘ငါ မြင်လိုက်တယ်’ ဟု ပြောသူတော့ မရှိခဲ့။
အချို့သော လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီသမားများက ရာမီတာကို ဆန်းဂျယ် ဖန်တီးထားသည့် စိတ်ကူးယဉ် စွမ်းအားမဟုတ်ဘူးလားဟုပင် လှောင်ရယ်ခဲ့ကြသည်။ ထိုလူများသာ ဤမြင်ကွင်းကို မြင်ရပါက အားလုံး ပါးစပ်ပိတ်သွားကြပေလိမ့်မည်။
‘မိဖုရားမှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။’
ခါဆယ်ရ်က မိဖုရား လဲလျောင်းနေရာ အိပ်ရာဆီသို့ အလျင်အမြန် လျှောက်သွားနေရာမှ သူ့ရင်ဘတ်သူ ဖိကိုင်ကာ ရပ်တန့်လိုက်သည်။ ခန္ဓာကိုယ်အတွင်းမှ ပူနွေးသောစွမ်းအင်တစ်ခု လှုပ်ရှားလာ၏။
ယင်းမှာ ရင်းနှီးနေသော ခံစားမှုတစ်ခုပင်။ ပရာ့ဂ်ျက အတော်လေးကြာပြီးမှ သူ၏ ဖြစ်တည်မှုကို ဖော်ပြလာခြင်းဖြစ်သည်။
ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်းတွင် ပရာ့ဂ်ျက ခန္ဓာကိုယ်ထဲ၌ အချိန်အခါမရွေး ရမ်းကားစွာ လှုပ်ရှားလေ့ရှိ၏။ ထို့ကြောင့် ရုန်းကန်လှုပ်ရှားရသည့် ရာသီရောက်တိုင်း ပရာ့ဂ်ျကို ထိန်းချုပ်နေရသဖြင့် အမြဲတမ်း စိတ်ဖိစီးမှုများခဲ့ရသည်။
သို့သော် ယခု ရုန်းကန်လှုပ်ရှားရသည့် ရာသီတွင်တော့ ပရာ့ဂ်ျက ထူးဆန်းစွာ ငြိမ်သက်နေ၏။ လာ့ခ် အမဲလိုက်သည့်အခါ၌ပင် လက်နှင့်တစ်သားတည်းဖြစ်နေသော လက်နက်တစ်ခုအလား ထိန်းချုပ်ရန် လွယ်ကူခဲ့သည်။ လာ့ခ်ကို ဖမ်းရခြင်းဖြင့် အလုပ်များနေသော်လည်း ပုဂ္ဂိုလ်ရေးအရပြောရလျှင် အင်မတန် ငြိမ်းချမ်းသော ရုန်းကန်လှုပ်ရှားရသည့်ရာသီပင်။
ခါဆယ်ရ်က အသက်ရှူနှုန်းကို ထိန်းညှိရင်း သူ၏အတွင်းစိတ်ကို အာရုံစိုက်လိုက်သည်။ ပရာ့ဂ်ျကို ဖိနှိပ်ရန် အာရုံစိုက်သော်လည်း အင်မတန် လူးလွန့်နေသော ပရာ့ဂ်ျက လုံးဝငြိမ်သက်မသွားပေ။
‘ရာမီတာရဲ့ သက်ရောက်မှုကို ခံရတာများလား။’
ခါဆယ်ရ်က အပြင်ထွက်သည့် တံခါးကို တစ်ချက်ကြည့်လိုက်သည်။ ယခု လှုပ်ရှားလိုက်ပါက အာရုံစူးစိုက်မှု ပျက်ပြားသွားပြီး မနည်းထိန်းချုပ်ထားရသည့် ပရာ့ဂ်ျကို လွှတ်ပေးလိုက်ရတော့မလိုပင်။
သူက ပရာ့ဂ်ျကို သံကြိုးဖြင့် တုပ်နှောင် ထားသည်ဟု စိတ်ထဲမှမှတ်ယူရင်း ပို၍အားပြင်းစွာ ဖိနှိပ်ထားလိုက်သည်။ သူ၏ ထိန်းချုပ်မှုက အနည်းငယ် အကျိုးသက်ရောက်မှုရှိခဲ့သလားမသိ၊ အတွင်းပိုင်းက တဖြည်းဖြည်း ငြိမ်သက်လာ၏။
ခဏတာ တင်းမာမှုကို ဖြေလျှော့လိုက်သည့် အခိုက်အတန့်တွင် မီးလုံးကဲ့သို့သော စွမ်းအင်က ခန္ဓာကိုယ် အပြင်ဘက်သို့ ရုတ်တရက် ခုန်ထွက်လာတော့သည်။ ပြန်ဖမ်းရန်မှာ နောက်ကျသွားပေပြီ။ သူ၏ ခန္ဓာကိုယ်မှ ခဏတွင်းချင်း လျှောထွက် သွားသော အပြာရောင်စွမ်းအားက ဧရာမ မြွေပုံသဏ္ဌာန်ဖြစ်လာကာ အိပ်ခန်းတစ်ခုလုံးကို ပြည့်လျှံသွားစေခဲ့၏။
'ပြဿနာတော့တက်ပြီ။'
ထိန်းချုပ်မှုမှ လွတ်သွားသော ပရာ့ဂ်ျက အန္တရာယ်ဖြစ်လာပေမည်။
ခါဆယ်ရ်က ပရာ့ဂ်ျကို စိုက်ကြည့်ရင်း ပြန်လည်ဖမ်းချုပ်ချည်နှောင်ရန် အခွင့်အရေးကို ရှာဖွေခဲ့သည်။ ရှင်းလင်းစွာ မြင်သာသော အပြာရောင်မြွေကို မျက်လုံးဖြင့် လိုက်ကြည့်နေသည့် သူ၏ မျက်ခုံးများကြားမှ ကျုံ့ရာက တဖြည်းဖြည်း ပို၍နက်ရှိုင်းလာ၏။ ပရာ့ဂ်ျက ခါဆယ်ရ်နှင့် စိတ်ချင်းတွေ့ရန် မကြိုးစားခဲ့။ အခြားနေရာတွင် အာရုံစိုက် နေပုံပင်။
ပရာ့ဂ်ျက ကြီးမားလှသော ခန္ဓာကိုယ်ကို အတင်းဖျစ်ညှစ်ပြီး ကွေးကျုံ့ကာ အိပ်ခန်းအတွင်းရှိ ရေထဲ၌ တစ်ပတ်လှည့်ပြီးနောက် ခန္ဓာကိုယ်၏ အရွယ်အစားကို လျှော့ချလိုက်သည်။ တစ်ဝက်ခန့် သေးငယ်သွားသော ခန္ဓာကိုယ်ဖြင့် အိပ်ခန်းအတွင်း တစ်ပတ်လှည့်ပြီးနောက် ခန္ဓာကိုယ်ကို ထပ်မံ၍ ကျုံ့လိုက်ပြန်၏။
ထိုနည်းဖြင့် တဖြည်းဖြည်း သေးငယ်သွားသည်မှာ နောက်ဆုံးတွင် တစ်ထွာခန့်သာ ရှိတော့သည်။ သူ့စိတ်ကြိုက် ရေကူးရန်အတွက် ဤနေရာက ကျဉ်းမြောင်းနေသောကြောင့် ခန္ဓာကိုယ်အရွယ်အစားကို လျှော့ချလိုက်ပုံပင်။ နောက်ဆုံးတွင် ကျေနပ်သွားပုံရကာ ဤအရွယ်အစားဖြင့် အိပ်ခန်းအတွင်းတွင် ပျော်ရွှင်စွာ ကူးခတ်နေတော့၏။
“...”
ခါဆယ်ရ်တစ်ယောက် ကြောင်တစ်ကောင်ကဲ့သို့ သေးငယ်သွားသော အာဘူကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရစဉ်က ခံစားခဲ့ရသည့် ခံစားချက်မျိုးဖြစ်လာသည်။ တစ်ထွာခန့်သာ ရှည်လျားသော အပြာရောင်မြွေက အန္တရာယ် လုံးဝမရှိတော့ဘဲ တော်တော်လေး အရှိန်အဝါမရှိတော့ပေ။
‘တကယ်ပဲ ဘာက ဘာမှန်း မသိတော့ဘူး။’
သူက တစ်ယောက်တည်း ဆော့ကစားနေသည့် ပရာ့ဂ်ျကို လျစ်လျူရှုထားကာ အိပ်ရာနားသို့ ချဉ်းကပ်သွားလိုက်သည်။ အိပ်ရာထက်တွင် လဲလျောင်းကာ မျက်လုံးများမှိတ်ထားသော ယူဂျင်း၏ နက်မှောင်သော ဆံနွယ်များက ရေထဲတွင် လှုပ်ရှားနေ၏။ ဖြူသောအသားက အထူးတလည် ဖျော့တော့နေပုံပေါ်သဖြင့် သူ့ရင်ထဲတွင် ထိတ်လန့်သွားရသည်။
‘အစွမ်း အလွန်အကျွံ လျှံထွက်လာတာမျိုးတော့ မဟုတ်ဘူးထင်တယ်....'
ရေများ ပြည့်လျှံနေသည့် နေရာက အိပ်ခန်းတစ်ခုတည်းသာဖြစ်၏။ ယင်းမှာ ယူဂျင်းက ကိုယ်တိုင်ပင် သတိမထားမိဘဲ ထိန်းချုပ်နေသည်ဟူသော သဘောပင်။
တစ်ဖက်တွင် ဤဖြစ်စဉ်က ရာမီတာကို အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်သည်ဟု စဉ်းစားမိသည်။ အစွမ်းကို အလွန်အကျွံ သုံးစွဲလိုက်၍ ခန္ဓာကိုယ်က လက်မခံနိုင်တော့ခြင်းမျိုး ဖြစ်နေမည်ဆိုပါလျှင်။
ယခုအချိန်တွင် ယူဂျင်းကို ကူညီနိုင်မည့်သူက သူမဟုတ်ပေ။ ထိုအချက်ကို လက်ခံ သော်လည်း ရင်ထဲတွင် ခါးသီးရ၏။ သူ့ဇနီးက ကူကယ်ရာမဲ့စွာ လဲလျောင်းနေရသော်လည်း သူတတ်နိုင်သည့်အရာ ဘာမှမရှိဘူးတဲ့လား။
‘အထွတ်အမြတ်မြို့တော်ကို အရေးပေါ် သတင်းပို့မှဖြစ်မယ်။’
စာပို့ငှက်မှတစ်ဆင့် ပေးပို့သောစာတွင် အကြောင်းအရာ အများကြီးသော်လည်းကောင်း၊ လျှို့ဝှက်ချက်များသော်လည်းကောင်း ထည့်သွင်းရေးသား၍မရသော်လည်း အမြန်နှုန်းက မည်သည့် လမ်းကြောင်းထက်မဆို ပို၍မြန်ပေသည်။ အထူးအမြန်ပို့စာက ရက်ပိုင်းအတွင်း အထွတ်အမြတ်မြို့တော်သို့ ရောက်ပေလိမ့်မည်။
“ယူဂျင်း။”
ပထမဆုံးအကြိမ် နာမည်အတိုင်း ခေါ်ပေးပါဟု ပြောခဲ့စဉ်က မိဖုရား၏ဆန္ဒအတိုင်း လိုက်လျောပေးရုံပဲဟုသာ တွေးခဲ့မိ၏။ သို့သော် တဖြည်းဖြည်းနှင့် ‘ယူဂျင်း’ ဟု ခေါ်ရသောအခါ ထူးဆန်းသော ကျေနပ်မှု ကို ခံစားရသည်။
မိဖုရားဟူသော အရိုက်အရာကြောင့် ဘုရင့်တိုင်းပြည်တွင် ရှိနေခြင်းမဟုတ်ဘဲ ‘ယူဂျင်း’ ဟူသော လူသားတစ်ဦးအနေဖြင့် မိမိ၏ သဘောဆန္ဒအလျောက် သူ့အပါးတွင် ရှိနေခြင်းဖြစ်သည်ဟု ခံစားရ၏။
“ယူဂျင်း။ ယူဂျင်း။ ယူဂျင်း...”
ခါဆယ်ရ်က ယူဂျင်း၏ နာမည်ကို အကြိမ်ပေါင်းများစွာ တိုးတိုးလေး ရေရွတ် နေသည်။ လဲကျနေသော ယူဂျင်းကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားကာ ဖြစ်ကြောင်းကုန်စင်ကို ကြားသိရပြီးနောက်တွင် ဒေါသထွက်မိခဲ့၏။ ယခုမူ ယူဂျင်းသာ ဘေးကင်းလျှင် အခြားမည်သည့်ကိစ္စမှ အရေးမကြီးတော့ဘူးဟုသာ တွေးနေမိသည်။
ယူဂျင်း၏ မျက်ခွံလေးများ မသိမသာ လှုပ်ရှားသွား၏။ အရေးပေါ်သတင်းပို့စာ ရေးသားရန် လှည့်ထွက်တော့မည့် ခါဆယ်ရ်လည်း မျက်လုံးပြူးသွားတော့သည်။
“ယူဂျင်း။”
မျက်လုံးဖွင့်လာပြီး သူ့အား ကြည့်စေလိုသော ပြင်းပြင်းပြပြစိတ်ဆန္ဒဖြင့် တစ်ဖန်ထပ်ခေါ်လိုက်၏။
မှိတ်ထားသော မျက်ခွံများအတွင်းမှ မျက်လုံး၏လှုပ်ရှားမှုက ပို၍သိသာလာသည်။ ပတ်ဝန်းကျင်ရှိရေများ တဖြည်းဖြည်း ဝေ့ဝဲလည်ပတ်ကုန်၏။ ထို လည်ပတ်မှုက တဖြည်းဖြည်းနှင့် ပိုမို မြန်ဆန်လာကာ အိပ်ခန်းအတွင်းတွင် ပြည့်လျှံနေသော ရေများက ယူဂျင်း၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသလို စတင်ဝင်ရောက်ကုန်တော့သည်။
ပြင်းထန်သော ရေစီးကြောင်းက သူ့ဘေးတွင် ရပ်နေသော ခါဆယ်ရ့်အပေါ် မည်သို့သော ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုကိုမှ မပေးခဲ့ပေ။ ခါဆယ်ရ်က သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသော စိတ်ကူးယဉ်ဆန်ဆန်မြင်ကွင်းကို ငေးကြည့်နေမိ၏။ ကြီးမားသော ရေစီးကြောင်းက ရေဝဲတစ်ခု ဖန်တီးကာ ယူဂျင်း၏အတွင်းသို့ စုပ်ယူ ခံရသလို ဝင်ရောက်သွားသည်။ အိပ်ခန်းအတွင်း ပြည့်နေသော ရေများသည်လည်း တစ်မဟုတ်ချင်း လျော့ကျသွား၏။
အပြာရောင် မြွေက ဆွဲယူနေသော ရေစီးကြောင်း၏ အင်အားကို ဆန့်ကျင်ကာ ကူးခတ်ခဲ့သည်။ နောက်ဆုံးအချိန်အထိ ခုခံရင်း သူ၏ မူလနေရာကို ပြန်ရှာသွားသည့်အလား ခါဆယ်ရ်၏ ခန္ဓာကိုယ်ထဲသို့ ခုန်ဝင်ကာ ပျောက်ကွယ်သွား၏။
ခါဆယ်ရ်က အိပ်ခန်းအတွင်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ရေ၏ ခြေရာအစအန တစ်စက်ကလေးပင် ကျန်ရှိမနေပေ။
ယူဂျင်းက ခပ်ပြင်းပြင်း အသက်ရှူသွင်းကာ မျက်လုံးကို ဖွင့်လာသည်။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာသူအလား ကြည်လင်လန်းဆန်းသော မျက်နှာထားလေးနှင့် မျက်လုံးလေးများကို မှေးစင်းကာ ခါဆယ်ရ်ကို ပြုံးပြခဲ့သည်။
ခါဆယ်ရ်၏ ရင်ဘတ်ထဲရှိ အနက်ရှိုင်းဆုံးနေရာမှ ပူနွေးသောအရာတစ်ခု ရုတ်တရက် ဆူပွက်တက်လာ၏။
ယင်းမှာ ပရာ့ဂ်ျ ရမ်းကားစွာ လှုပ်ရှားနေချိန်ကနှင့် လုံးဝကွဲပြားပေသည်။ ထိန်းချုပ်ရန် လုံးဝမတတ်နိုင်ခဲ့ပေ။ ခါဆယ်ရ်လည်း လဲလျောင်းနေသော ယူဂျင်း၏ ပခုံးအောက်သို့ လက်လျှိုသွင်းကာ ယူဂျင်းကို ထွေးပွေ့လိုက်လေတော့သည်။
~~~~
Miel's Translations