no

Font
Theme

အပိုင်း ၄၈

ယူဂျင်း၏ ဝတ္ထုထဲတွင် ဂျင်က မာရာ၏ စွမ်းအားကို လိုချင်သဖြင့် နည်းလမ်းကို တစ်ယောက်တည်း ရှာဖွေခဲ့ရာမှ နောက်ဆုံးတွင် မာရာကို ဆင့်ခေါ်နိုင်ခဲ့သည်ဟု ဖော်ပြထား၏။

ဤအချက်က အင်မတန် အရေးကြီးပေသည်။ အကြောင်းမှာ ဂျင်က ဗီလိန်ပင်ဖြစ်လင့်ကစား တစ်ဖက်တွင် အရေးပါသည့်ဇာတ်ကောင် ဖြစ်နေ၍ပင်။

သို့သော် ဇာတ်ကောင်နှင့်ပတ်သက်သည့် အရေးအကြီးဆုံး အသေးစိတ်အချက်အလက်များ ကွဲပြားနေခြင်းကို အနည်းငယ်သွေဖည်သွားခြင်း သို့မဟုတ် သေချာမစဉ်းစားလိုက်မိခြင်းဟု ရိုးရိုးလေး ကျော်သွား၍မရပေ။

‘ဒါက ငါ ရေးခဲ့တဲ့ဝတ္ထု မဟုတ်ဘူး။’

ဤတစ်ကြိမ်တော့ သေချာခံစားမိလိုက်သည့်။ သူ့ဝတ္ထုက သူ့ကို ဤကမ္ဘာနှင့် ရင်းနှီးအသားကျစေရန် ကူညီပေးရုံသာဖြစ်ပြီး တခြားအခန်းကဏ္ဍ မရှိပေ။

ဆန့်ကျင်ဘက်အမြင်ကို တွေးကြည့်လိုက်တော့ ပို၍ သေချာသွား၏။ အခြားကမ္ဘာတစ်ခုမှ ကမ္ဘာမြေပေါ်သို့ ကျရောက်လာသည့် တစ်စုံတစ်ယောက်က ခေတ်ပေါ်ဝတ္ထုကို ဖတ်ခဲ့လျှင်ပင် ကမ္ဘာမြေပေါ်တွင် ဖြစ်လာမည့် သူ၏အနာဂတ်ကို သိနိုင်မည်မဟုတ်ပေ။

အနာဂတ်ကို သိသည်ဟု ယုံကြည်ထားသဖြင့် သူလိုချင်သည့်အတိုင်း အရာအားလုံးကို ပြောင်းလဲနိုင်မည်ဟု ထင်ခဲ့မိ၏။ ‘ဘာလို့ ဂျင် အာနီခါ ဖြစ်ရတာလဲ’ ဟု ညည်းတွားနေရင်းမှ ဂျင်၏ စည်းစိမ်နှင့် အာဏာကို အလွယ်တကူယူပြီး အကျိုးရှိအောင် အသုံးချမယ်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။

ယခုတော့ အားအကိုးရဆုံးသူနှင့် တစ်ဦးတည်းသော မှီခိုရာကို ဆုံးရှုံးသွားသည့် ယူဂျင်းမှာ ဘာမှန်းမသိရသောကမ္ဘာထဲသို့ ပစ်ချခံလိုက်ရသည့် သူစိမ်းတစ်ယောက်သာသာပင်။ ဤကမ္ဘာက သူ့ဘက်တွင် မရှိပေ။ ဤအချက်ကို အရင်ဆုံး လက်ခံရမည်။

ဝင်လာသော တုန်လှုပ်မှုကို ထိန်းချုပ်ရင်း ယူဂျင်းက အမြင်အာရုံ ပျံ့လွင့်မသွားစေဘဲ အာရုံစိုက်ရန် အားစိုက်ထုတ်လိုက်သည်။ ထိုလူထံမှ တတ်နိုင်သမျှ သဲလွန်စ အများကြီးရအောင် ယူရပေမည်။

“နင့်ရဲ့ မဆင်မခြင်လုပ်ရပ်က စိတ်ပျက်စရာပဲ။ အခုလိုလုပ်ရပ်မျိုးနဲ့ ဘယ်လိုလုပ်ပြီး ကိစ္စတွေကို ပြီးမြောက်အောင်မြင်အောင်လုပ်ဦးမှာလဲ။”

ရာဇဝင်ရုပ်ရှင်များထဲတွင်သာ ကြားဖူးခဲ့သော အထက်စီးဆန်ဆန် ရာဇမာန်အပြည့်ပါသည့် စကားက ပေါ့ပေါ့ပါးပါး ထွက်လာသည်။ မိဖုရားတစ်ပါးအဖြစ် နေခဲ့ရသည့် အချိန်တိုတိုလေးက အချည်းနှီးမဖြစ်ခဲ့။

ထိုလူက မှောက်လျက်ဝပ်တွားနေရာမှ ကြမ်းပြင်ကို ဒုန်းခနဲမြည်အောင် နဖူးနှင့် ဆောင့်ခဲ့သည်။

“ခွင့်လွှတ်ပေးပါ၊ သူတော်စင်အရှင်မ။ ခွင့်လွှတ်ပေးဖို့ အသနားခံတောင်းပန်ပါတယ်။”

ယူဂျင်းက အသံမတုန်စေရန် အသက်ကိုမှန်မှန်ရှူလိုက်သည်။

“အထွေအထူးအကြောင်းရင်းရှိလို့ နင့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းက ဝေဝါးသွားခဲ့တာဆိုရင်တော့ သက်ညှာပေးဖို့ စဉ်းစားမယ်။”

“သေးသိမ်နုံဖျင်းတဲ့ အလုပ်အကျွေးက ရာရာစစ သူတော်စင်အရှင်မရဲ့ စိတ်ကို သိနားလည်ဖို့ ကြိုးစားခဲ့မိပါတယ်။ မနေ့က မြင့်မြတ်စင်ကြယ်တဲ့နေရာကို ချဉ်းကပ်လာတဲ့သူတွေရှိခဲ့ပေမဲ့ စစ်သည်တော်တွေဖြစ်နေပါတယ်ခင်ဗျ။ အဲ့ဒါကြောင့် သူတော်စင်အရှင်မက သူတို့ကို စေလွှတ်လိုက်တာများလားလို့ ထင်ခဲ့မိတာပါ။”

ယူဂျင်း၏မျက်လုံးများ တုန်ယင်သွားတော့သည်။ တကယ်ပင် မနေ့က တည်းခိုခန်းနားတစ်ဝိုက်တွင် စောင့်ကြည့်နေသော မျက်လုံးများ ရှိနေခဲ့သည်ကိုး။

မြင့်မြတ်စင်ကြယ်သည့်နေရာ။ ထိုလူ တည်းခိုခန်းကိုခေါ်သည့် အသုံးအနှုန်းက ထူးခြား၏။ သို့ဆိုလျှင် ထိုနေရာက ဤလူများအတွက် အရေးပါပြီး ထူးခြားသည့်နေရာ ဖြစ်ပေလိမ့်မည်။

‘ငါ့ကိုတော့ မမှတ်မိလောက်ပါဘူးနော်။’

“ဘယ်သူတွေ။”

“စစ်သည်တော်တွေပါ။”

“အသေးစိတ် ရှင်းပြစမ်း။”

“မနေ့ညက မြင့်မြတ်စင်ကြယ်တဲ့နေရာနားမှာ မသင်္ကာစရာလူတွေ ရှိခဲ့တယ်ဆိုပြီး သတင်းရခဲ့ပါတယ်။ အဲ့ဒီလူတွေက မြင့်မြတ်စင်ကြယ်တဲ့နေရာနားမှာ ရစ်သီရစ်သီလုပ်နေခဲ့ပေမဲ့ အထဲဝင်ဖို့လုပ်တာတို့၊ ထူးခြားတဲ့လုပ်ရပ်မျိုးလုပ်တာတို့တော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့က သာမန်ခရီးသွားတွေ မဟုတ်ဘူးလို့ သိရပါတယ်။ ကျွန်တော်လည်း စိတ်ပူစရာတွေ အများကြီးရှိခဲ့လို့ သတိထားဖို့ ကြိုးစားခဲ့ပေမဲ့ တာနီယာရဲ့ ကိစ္စကလည်းရှိသေးတော့ သူတော်စင်အရှင်မ စေလွှတ်လိုက်တဲ့ အဆက်အသွယ်ဖြစ်လောက်တယ်လို့ ထင်ခဲ့မိတာပါ။ သွားကြည့်လိုက်တော့ စစ်သည်တော်တွေဖြစ်နေပါတယ်။ သူတို့က မြင့်မြတ်စင်ကြယ်တဲ့နေရာအရှေ့မှာ အကြာကြီး ရပ်နေပြီးမှ ပြန်သွားကြတာပါ။”

‘တာနီယာ။’

စောစောကလည်း ထိုလူ ယင်းနာမည်ကို ပြောခဲ့သေးသည်။ ယူဂျင်းလည်း နှစ်ခါသုံးခါလောက် ပြန်ရွတ်ပြီး မှတ်ဉာဏ်ထဲတွင် သိမ်းထားလိုက်၏။

“ပြီးတော့ရော။”

“တစ်ခုခုသိလို့ လာကြတဲ့သူတွေ မဟုတ်ဘူးထင်ပါတယ်။ သူတို့ ထွက်သွားပြီးတဲ့နောက်မှာလည်း အကြာကြီး စောင့်ကြည့်ခဲ့ပေမဲ့ မြင့်မြတ်စင်ကြယ်တဲ့နေရာကို ပြန်လာတဲ့သူမရှိပါဘူး။”

“ဘယ်လိုလူမျိုးတွေလဲ။ ပိုပြီး အသေးစိတ်ကျကျ ရှင်းပြစမ်း။”

“စစ်သည်တော် ငါးယောက်နဲ့ စစ်သည်တော် မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ အဲ့ဒီအမျိုးသမီးရဲ့ အထောက်အထား အတိအကျကိုတော့ မသိခဲ့ရပါဘူး။”

‘ငါ့ကို မမှတ်မိဘူးပဲ။’

ယူဂျင်းလည်း သက်ပြင်းချကာ စိတ်သက်သာရာရသွားတော့သည်။ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များက အချင်းချင်း တုံ့ပြန်နိုင်သည့်နည်းလမ်းဖြင့် သိနိုင်လောက်မလားဟူ၍ ကြောက်နေခဲ့မိ၏။

အကြောင်းမူကား ပုံမှန်ဘုန်းတော်ကြီးများက သူတို့နှင့် ပတ်သက်သူများတွင် စွမ်းအားရှိသည့်အခါ အာရုံခံကာ သိရှိနိုင်သောကြောင့်ပင်။

'ဂျင်ကလည်း အစွမ်းကိုရပြီး သူတော်စင်ဖြစ်ခဲ့တာပဲ။'

ဂျင်က အစွမ်းကိုရပြီး ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များ၏ သူတော်စင်အရှင်မဖြစ်ခဲ့လျှင် အစွန်းရောက်ဂိုဏ်းထဲ၌ မာရာနှင့် အနီးဆုံးနေရာတွင် ရှိပေလိမ့်မည်။ သို့သော် ရိုဒရစ်ဂ်က ယူဂျင်းကို မသိခဲ့သလို ယူဂျင်းကလည်း ရိုဒရစ်ဂ်ကို ကြည့်ပြီး ဘာမှမခံစားရပေ။

‘စစ်သည်တော်တွေ အဲ့ဒီ တည်းခိုခန်းနားမှာ ရှိနေလို့ အလန့်တကြားပြေးလာခဲ့တာပဲ။’

ဘုန်းတော်ကြီးအဆင့်ရှိသူများကို မာရာက ‘ဘုရားပေးသည့်တန်ခိုးစွမ်းအား’ ဟုခေါ်သော စွမ်းရည်တစ်မျိုး ချီးမြှင့်ထားသည်။

ဘုရားပေးသည့် တန်ခိုးစွမ်းအားမှာ ထူးခြားသော အစွမ်းများကို အာရုံခံနိုင်သည့် အရည်အချင်းတစ်မျိုးပင်။ ဘုန်းတော်ကြီးအဆင့်ရှိသူများနှင့် ထိုထက်မြင့်သူများကို ခွဲခြားနိုင်သလို၊ ရန်သူနှင့် မဟာမိတ်ကိုလည်း ခွဲခြားနိုင်၏။ ဘုရင်နှင့် စစ်သည်တော်များ၏ အစွမ်းကိုလည်း အာရုံခံနိုင်သည်။

ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များကို ဖမ်းဆီးရန် စစ်သည်တော်များ လိုက်လံတိုက်ခိုက်ကြသည့်အခါ ဘုန်းတော်ကြီးများက ဘုရားပေးသည့် တန်ခိုးစွမ်းအားကြောင့် အန္တရာယ်ကို လျင်မြန်စွာ သိကာ ထွက်ပြေးနိုင်ကြ၏။ သာမန်ဂိုဏ်းဝင်များ အကုန်ဖမ်းမိလျှင်ပင် ဘုန်းတော်ကြီးများ လွတ်သွားပါက မည်သည့်နေရာတွင်မဆို အဖွဲ့အစည်းကို ချဲ့ထွင်နိုင်ပေသည်။

လျှို့ဝှက်ချက်များကို ထိန်းသိမ်းသည့်နေရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၏။ သူလျှိုတစ်ယောက် ဝင်လာလျှင်ပင် ဤစွမ်းအားမရှိဘဲ ခေါင်းဆောင်နေရာသို့ ရောက်နိုင်မည်မဟုတ်သဖြင့် အရေးကြီးအချက်အလက်များ ယိုစိမ့်မှု အန္တရာယ်က နည်းပါးခဲ့သည်။

ထို့ကြောင့် ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များက ကာလကြာရှည် ဖိနှိပ်ခံခဲ့ရသော်လည် ခိုင်မြဲစွာ ရှင်သန်နိုင်ခဲ့ခြင်းပင်။

“မိုက်မဲလိုက်တာ။”

ယူဂျင်းက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ ဘာမှမသိမှန်း ထိုလူသိသွားမည်ကို စိုးရိမ်သဖြင့် တော်တော်လေး ရင်တမမဖြစ်နေ၏။

ဂျင်က မာရာနှင့် အဆက်အသွယ် မလုပ်သေးသည်မှာကောင်းသော်လည်း သူတော်စင်ဟူသော အနေအထားက အန္တရာယ်မကင်းဘူးဟူသော သဘောပင်။ ရိုဒရစ်ဂ်က ယူဂျင်း၏ ထူးဆန်းသောအပြုအမူကို မြင်သည်နှင့် တစ်မျိုးဖြစ်သွားပေလိမ့်မည်။

ယူဂျင်းတစ်ယောက် ရိုဒရစ်ဂ်ကို တခြားအတွေး မတွေးနိုင်အောင် ဆက်တိုက်ဖိအားပေးနေခဲ့သည်။

“အတွေးကလည်းတိမ်ပါ့။ ဘာလို့များ ငါက သူတို့ကို စေလွှတ်လိုက်တယ်လို့ ထင်ရတာလဲ။”

“ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာ စစ်သည်တော်တွေကို...”

ရိုဒရစ်ဂ်က ခေါင်းကို အနည်းငယ်မော်ပြီး ဆင်ခြေပေးနေရာမှ စကားရပ်သွားကာ နဖူးကို ကြမ်းပြင်နှင့် ပြန်ထိလိုက်သည်။

“ကျွန်တော့်ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။”

ထိုလူ၏ စကားကို တစ်လုံးမှမလွတ်ရအောင် အာရုံစိုက်ပြီး နားထောင်နေသည့် ယူဂျင်းတစ်ယောက် ထိုလူ ရုတ်တရက် စကားရပ်သွားချိန်တွင် နှလုံးခုန်နှုန်း မြန်လာတော့သည်။

သို့သော် ထိုလူ၏ အပြုအမူကို သူ၏ အတွေ့အကြုံ​အရ အကျင့်ပါနေသည့် တုံ့ပြန်မှုဖြစ်ကြောင်း ယူဂျင်း သဘောပေါက်သွား၏။ ဂျင်က သူ့အောက်မှလူများ ဆင်ခြေပေးသည်ကို မကြိုက်သည့်ပုံပင်။

“ကျွန်တော်က သူတော်စင်အရှင်မ ဘေးကင်းလုံခြုံစေဖို့ပဲ မျှော်လင့်ခဲ့တာပါ။ အခုလို ဘေးမသီရန်မခရှိနေတာကို မြင်တွေ့ရတာပဲ ကျွန်တော့်အတွက် လုံလောက်ပါပြီ။ မလာခင်ကတည်းက နောက်ဆက်တွဲ ဘာမှမဖြစ်အောင် စီမံထားခဲ့ပါတယ်။”

ယူဂျင်းက တုန်လှုပ်နေသော မျက်လုံးများနှင့် ထိုလူကိုကြည့်ရင်း ပြောလိုက်သည်။

“ဒီနေ့ နင်နဲ့ စကားတွေ အရှည်ကြီး မပြောနိုင်ဘူး။”

လောလောဆယ် ခြေတစ်လှမ်းဆုတ်လိုက်မည်။

စိတ်ထဲတွင်တော့ ရိုဒရစ်ဂ်သိထားသည့် အချက်အလက်အားလုံးကို အတင်းအကျပ်နည်းဖြင့် ဆွဲထုတ်ချင်နေ၏။ သို့သော် ထိုလူက သူ၏ယုံကြည်ချက်နောက်ကို လိုက်နေသည့် ဘာသာရေးအစွန်းရောက်တစ်ယောက်ပင်။ ခြိမ်းခြောက်ခြင်းနှင့် နှိပ်စက်ခြင်းက အလုပ်ဖြစ်မည့်သူမဟုတ်။ ဘာသာရေးအတွက် ပျော်ပျော်ကြီး အသက်ပေးသွားမည့်သူပင်။

ဤလူက ဘာသာရေးဂိုဏ်းတွင် ဘယ်လိုနေရာကို ယူထားသလဲ၊ ဘာတွေ သိထားသလဲ၊ ဂျင်က မာရာ၏ အဖွဲ့အစည်းနှင့် ဘယ်လောက်အထိ ပတ်သက်နေသလဲဆိုသည်ကို ဘာမှမသိဘဲနှင့် အလျင်စလိုလုပ်၍မရပေ။

‘နောက်ဆက်တွဲ ဘာမှမဖြစ်အောင် စီမံထားခဲ့တယ်ဆိုတော့။ ဒီလူကို ဖမ်းမိရင်လည်း အဆက်အသွယ်တွေ ဖြတ်ပစ်မှာပဲ။’

ထို့အပြင် ယူဂျင်း၏ခေါင်းထဲတွင်လည်း ရှုပ်ထွေးနေသဖြင့် ရှင်းလင်းရန် အချိန်လိုအပ်၏။ ဤလူနှင့် စကားဆက်ပြောနေလျှင် အမှားလုပ်မိပေလိမ့်မည်။

“ပြန်သွားပြီး ငါခေါ်တဲ့အထိ တိတ်တိတ်ဆိတ်ဆိတ်စောင့်နေ။”

“အမိန့်အတိုင်း နာခံပါ့မယ်။ ဒါပေမဲ့...”

ရိုဒရစ်ဂ်က ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့သည်။

“တာနီယာကို သတိရနေတာ​ဆိုတော့...”

ထိုလူက ယူဂျင်း၏ အရိပ်အခြည်ကို ကြည့်နေသည်။ ယူဂျင်းက မည်သို့တုံ့ပြန်ရမည်မှန်း မသိသဖြင့် နှုတ်ဆိတ်နေ၏။

“ခွင့်ပြုပေးမယ်ဆိုရင် အရင်တစ်ခါကလိုပဲ အသုံးဝင်တဲ့ ကလေးမလေးတစ်ယောက် ပို့ပေးပါ့မယ်။ သက်တောင့်သက်သာ သုံးလို့ရပါတယ်။”

‘အရင်တစ်ခါပေါ့လေ။’

အခြေအနေကို နားလည်သွားတော့သည်။ ယခင်က ‘တာနီယာ’ ဆိုသည့် လူတစ်ယောက်ကို ပို့ပေးခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် ယခု မရှိတော့သည့်ပုံပင်။

ရိုဒရစ်ဂ် မည်သည့်နည်းနှင့် ဘုရင့်ရဲတိုက်ထဲတွင် သူ့လူများကိုထားခဲ့မှန်း ယူဂျင်း သိချင်မိ၏။ ပုံမှန်နည်းလမ်းနှင့်သာဆိုလျှင် အထိန်းတော်ချုပ်၏ မျက်လုံးကိုရှောင်ရန် ခက်ခဲပေလိမ့်မည်။

‘ဘုရင့်ရဲတိုက်ရဲ့ လုံခြုံရေးမှာ အားနည်းချက်ရှိတယ်ဆိုရင် သိအောင်လုပ်ရမယ်။’

ယခု ဘုရင့်ရဲတိုက်၏ အတွင်းရေးကိစ္စများကို တာဝန်ခံနေရပြီဖြစ်သဖြင့် ဒီအတိုင်း လျစ်လျူရှုထား၍ မဖြစ်ပေ။ ယူဂျင်း ခေါင်းညိတ်လိုက်သည်။

“သူတော်စင်အရှင်မကို ဘုရားသခင် ကောင်းချီးပေးပါစေ။ မာရာရဲ့အလုပ်အကျွေးက မပြန်ခင် ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ်။”

ဦးညွှတ်ဂါရဝပြုပြီးနောက် ရိုဒရစ်ဂ်က ထရပ်လိုက်သည်။ သူက ယခုအထိ အကြောင်သား ရပ်နေသေးသည့် လူနှစ်ယောက်ကိုကြည့်ရင်း လက်ခုပ်နှစ်ချက် တီးလိုက်၏။ ထို့နောက် သူတို့၏ မှတ်ဉာဏ်ထဲသို့ အချက်အလက်များ ထည့်သွင်းပေးနေသည့်အလား ပြောခဲ့သည်။

“အရှင်မိဖုရား အရင်ကတည်းက ရှာပေးရမယ်လို့ အမိန့်ပေးထားတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ရဲ့ သတင်းကို သိခဲ့ရပါတယ်။ တော်ဝင်မျိုးနွယ်ရှေ့မှောက်ကို ဆက်သရမဲ့အရာဖြစ်တဲ့အတွက် အရယူနိုင်အောင် ကြိုတင်စရံငွေပေးရပါမယ်။ အရှင်မိဖုရားက အပ်ထားတဲ့ ငွေကြေးကို အသုံးပြုဖို့အတွက် ခွင့်ပြုချက်လိုအပ်တာကြောင့် အခုလို အပြေးအလွှား ရောက်လာခဲ့ရတာပါ။”

ရိုဒရစ်ဂ်က ယူဂျင်းကို ကြည့်ရင်း ကိုယ်ကိုကိုင်းညွှတ်ကာ အရိုအသေပေးခဲ့သည်။

“ဟောဒီကျေးကျွန်တော်မျိုး ပြန်လိုက်ပါဦးမယ်။ နောက်တစ်ကြိမ် ဂါရဝပြုတဲ့အချိန်အထိ ဘေးကင်းရေးကို အာမခံချက်ပေးတော်မူပါ။”

ထိုလူ ထွက်သွားပြီးသည့်နောက်တွင် ယူဂျင်း၏ စိတ်သည်လည်း တစ်ခါတည်းပြေလျော့သွားကာ အင်မတန် ပင်ပန်းလာတော့သည်။ ရိုဒရစ်ဂ်၏ အိပ်မွေ့ချမှုက တကယ်အလုပ်ဖြစ်ရဲ့လား၊ မာရီအန်းနှင့် ဂျီးန်တို့ ဘာမှ မမြင်ရ၊ မကြားရတာ သေချာရဲ့လားဟူ၍ စစ်ဆေးရန်ပင် သူ့တွင် အားမရှိတော့။

ယူဂျင်းလည်း ဆိုဖာပေါ်ထိုင်နေရာမှ ထရပ်ကာ အိပ်ခန်းနှင့်ချိတ်ဆက်ထားသော တံခါးဘက်သို့ လှည့်ရင်း ပြောလိုက်သည်။

“မာရီအန်း။ ကျွန်မ တစ်ယောက်တည်း နေချင်တယ်။”

မာရီအန်းက အရှေ့တိုးလာရန်ပြင်နေရာမှာ ရပ်သွားကာ ပြန်ဖြေခဲ့သည်။

“ဟုတ်ကဲ့ပါ။ အရှင်မိဖုရား။”

“ဂျီးန်။ နင်ရောပဲ။”

“ဟုတ်ကဲ့ပါ။ အရှင်မိဖုရား။”

ယူဂျင်းတစ်ယောက် သူ့ပုံစံကို ကြည့်နေသည့် မာရီအန်း၏ မျက်လုံးများက အင်မတန် စိုးရိမ်ပူပန်နေမှန်း မသိခဲ့ပေ။ ပတ်ဝန်းကျင်ကိုကြည့်နေရန် အချိန်မရှိခဲ့။ ယခုလက်ရှိတွင် ခြေထောက်မတုန်အောင် အားစိုက်ပြီး လျှောက်နိုင်ဖို့ကိုသာ အစွမ်းကုန် ကြိုးစားနေရသည်။

အိပ်ခန်းထဲသို့ဝင်ပြီး တံခါးပိတ်လိုက်သည်နှင့် သူ၏ကျောပြင်က တံခါးကိုမှီထားရာမှ အောက်သို့ လျှောကျသွား၏။ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည့် ယူဂျင်းက တုန်ယင်နေသော လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။

လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ နက်ရှိုင်းစွာ သက်ပြင်းချလိုက်၏။ မျှော်လင့်ချက်မဲ့သော ဆုံးရှုံးမှုကြီးတစ်ခုက သူ့ကို ဖုံးလွှမ်းသွားသလိုပင်။

တကယ်တော့ မနေ့ညကတည်းကစပြီး ထိုသို့ခံစားနေခဲ့ရ၏။ ရှင်းရှင်းလင်းလင်း သိနေသော်လည်း ယခုအထိ ရှောင်နေမိသည်။ ဤနေရာက ဘယ်နေရာလဲ၊ အိပ်မက်လား၊ လက်တွေ့လား၊ ဘာကြောင့် ဤကမ္ဘာကို ရောက်လာရသလဲ၊ စဉ်းစားလျှင် ဘယ်တော့မှ ပြီးနိုင်တော့မည်မဟုတ်သဖြင့် ရှောင်နေခဲ့ခြင်းပင်။ ထို့ကြောင့် မနက်အိပ်ရာနိုးသည်နှင့် ဒီနေ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကိုသာ စဥ်းစားခဲ့၏။ ယင်းမှာ မဟာနှင့် လိုက်လျောညီထွေနေသားကျစေရန် ယူဂျင်း၏ ကြိုးပမ်းမှုပင်။

မျက်စိရှေ့တွင်ရှိနေသော ချိုမြိန်မှုများကိုသာ ယစ်မူးခဲ့မိသည်ထင်ပါရဲ့။

မဟာဟူသော ကမ္ဘာမှ ဘဝက ကမ္ဘာမြေပေါ်မှ ဘဝနှင့် နှိုင်းယှဉ်လိုက်လျှင် ငရဲနှင့် နတ်ပြည်အလား ကွာခြားလှပေသည်။ အရာအားလုံးက ပြည့်စုံနေပြီး လူတိုင်းကလည်း ဖော်ရွေကြသည့်အထဲ အားထုတ်မှုထက်ပိုသော ဆုလာဘ်များပေးခဲ့၏။

ယူဂျင်းတစ်ယောက် သုံးနှစ်တာ မိဖုရားအဖြစ်နေခဲ့သော ဂျင်၏ ဖြစ်တည်မှုကို ဖျောက်ဖျက်ကာ ထိုနေရာကို သူ့အပိုင်ဖြစ်အောင် လုပ်ဆောင်သည့်ဖြစ်စဉ်တွင် ဘာအခက်အခဲမှမရှိခဲ့။ ဒီအတိုင်း အချိန်တွေကုန်လွန်သွားလျှင် ဘုရင့်တိုင်းပြည်မှ လူများလည်း ‘ဂျင်’ ဟူသော လူတစ်ယောက် ရှိခဲ့ဖူးကြောင်းကိုပင် မေ့သွားကြပေလိမ့်မည်။

‘လွယ်လိုက်တာ’ ဟု ယူဂျင်း ထင်ခဲ့ဖူး၏။ ထိုသို့ မိမိကိုယ်မိမိ အဟုတ်မှတ်ခဲ့သည့် လုပ်ရပ်အတွက် အပြစ်ပေးခံရခြင်းပေပဲလား။

ထိန်းချုပ်၍မရသော ရှုပ်ထွေးမှုများ ရောက်လာပေပြီ။ ယခု သူခံစားနေရသည့် စိုးရိမ်ပူပန်မှု၏ ရင်းမြစ်က ဘာမှန်းပင် မသေချာတော့။

ယူဂျင်းတစ်ယောက် ဒူးနှစ်ဖက်ကိုစုပြီး ခေါင်းကိုဝှက်ကာ အကြောင်သား အကြာကြီး ထိုင်နေမိသည်။ ဘယ်လောက်ကြာသွားခဲ့သည်မသိသော်လည်း ဖြည်းဖြည်းချင်း စဉ်းစားလိုက်၏။

‘ငါရေးထားတဲ့ ဝတ္ထုနဲ့ ကမ္ဘာတစ်ခုတည်းမှာပဲ ရှိနေတဲ့ပုံပါ။’

အထွတ်အမြတ်မြို့တော်ကို ဗဟိုပြုပြီး ဘုရင့်တိုင်းပြည် ခြောက်ပြည်ရှိသည့် မဟာဟူသောကမ္ဘာ။ ယူဂျင်း၏စိတ်ကူးဖြင့် ဖန်တီးခဲ့သော ထူးခြားသည့်ကမ္ဘာ။

‘ငါရေးခဲ့တဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေ ပေါ်လာပြီး သူတို့ ရှင်သန်နေတဲ့ ခေတ်ကာလကလည်း အတူတူပဲကို။’

အတူတူဖြစ်သော နောက်ခံ၊ အတူတူဖြစ်သော အမည်၊ အရိုက်အရာနှင့် ပုံပန်းသဏ္ဌာန်ရှိကြသည့် ဇာတ်ကောင်များ။ သို့သော် တူညီမှုက ထိုမျှလောက်သာ။

‘ဒါက ငါ့အမှားမဟုတ်ဘူး။ လုံလုံလောက်လောက်ကို အလွယ်တကူ မှားနိုင်တာပဲလေ။’

ယူဂျင်းက ခေါင်းမော့လိုက်ပြီး မျက်လုံးမှိတ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီးမှ ပြန်ရှူထုတ်လိုက်သည်။

ရှုပ်ထွေးပြီး လမ်းပျောက်နေလျှင်ပင် သူ့ကို ကူညီနိုင်မည့်သူ မရှိပေ။ ကမ္ဘာမြေနှင့် ဤနေရာတွင် ပြောင်းလဲမသွားသည့် အချက်တစ်ခုရှိ၏။ သူ့ကို ကယ်တင်နိုင်မည့်သူက သူကိုယ်တိုင်ပင်။

‘ဒီနေရာက ဝတ္ထုထဲက ကမ္ဘာမဟုတ်ဘူး။ ငါ့အတွက်ကတော့ လက်တွေ့ပဲ။ မနက်ဖြန် ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်တဲ့ လက်တွေ့ဘဝ။’

ဝတ္ထုထဲမှ ကမ္ဘာက စိတ်ကူးစိတ်သန်းများ အများကြီး ဖြန့်ကြက်ထားရာ နေရာဖြစ်သဖြင့် အဓိပ္ပာယ်မရှိသည့် အဖြစ်အပျက်များ ဖြစ်လာလိမ့်မည်ဟု အများစုက ထင်ကြပေမည်။ သို့သော် ယူဂျင်း၏ အတွေးကတော့ မတူပေ။

လက်တွေ့ဘဝက တစ်ခါတလေ ပို၍ပင်လက်တွေ့မကျတတ်။ ထို့အပြင် စည်းမျဉ်းမရှိသဖြင့် ပို၍ပင်ကြောက်စရာကောင်း၏။ ဝတ္ထုထဲတွင် ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်ဟု သတ်မှတ်ထားသည့် စည်းမျဉ်းရှိသော်လည်း လက်တွေ့ဘဝကတော့ ထိုသို့မဟုတ်ပေ။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment